အိမ်စောင့်အစိုးရရဲ့ လမ်းစဉ်ဟာ ဒီမိုကရေစီနဲ့ ပိုအလှမ်းဝေး ကြောင်းကုလအတွင်းရေးမှူးချုပ်ပြော

မြန်မာစစ်တပ်က ၂၀၂၃ နှစ်လယ်လောက်အထိ အာဏာဆက်လက် ချုပ်ကိုင်ထားဖို့ လုပ်နေတာဟာ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေ တောင်းဆိုထားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအုပ်ချုပ်ရေး လမ်းကြောင်းပေါ်ပြန်ရောက်စေမယ့် လုပ်ရပ် မဟုတ်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ၂၀၂၃ သြဂုတ်လအထိ သူတို့ရဲ့လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရဦးမှာ ဖြစ်ကြောင်းနဲ့ စစ်အုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲပြီး သူကိုယ်တိုင် ဝန်ကြီးချုပ်တာဝန်ယူခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ သဘောထားကို မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

တိုတို ပြောရရင်တော့ ဒါဟာ လမ်းကြောင်းမှန်ကို သွားနေတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်ရဖို့၊ နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးဖို့ အကြမ်းဖက် ခြေမှုန်းမှုတွေရပ်ပစ်ဖို့ ဆိုပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေတောင်းဆိုနေတဲ့ လမ်းကြောင်းကနေ ပိုဝေးသွားစေတာ ဖြစ်ပြီး စစ်တပ်အာဏာသိမ်း ထားတဲ့ ၆ လအတွင်း မြန်မာနိုင်ငံရဲ့ အခြေနေဟာ အတော့်ကို ဆိုးဝါးသွားသလို ဒေသတွင်းမတည်မငြိမ်ဖြစ် မယ့် ခြိမ်းခြောက်မှုကိုပါ ရင်ဆိုင်လာရတာပါ။

ဒါ့အပြင် ကိုဗစ် ၁၉ ဒဏ်ကိုပါ ခံလာကြရတာကြောင့် အခြေနေဟာ ပိုဆိုးလာတဲ့ အတွက် ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တညီတညွတ်တည်း ဆုံးဖြတ်လုပ်ကိုင်ကြဖို့ သိပ်ကို အရေးကြီးနေဆဲပဲလို့ ပြောသွားတာပါ။

စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ကိုဗစ်ကပ်ရောဂါဒဏ်ခံရတဲ့ ကြားကနေ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေးနဲ့ တရားဥပဒေစိုးမိုးမှု ရဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ကုလသမဂ္ဂက တသားတည်းရပ်တည်နေပါတယ်လို့ လည်း ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက်ကနေ အခုချိန်ထိ စစ်တပ်နဲ့ ရဲကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် သေဆုံးရသူ အနည်းဆုံး ၉၃၀ နဲ့ ဒဏ်ရာရသူ ထောင်ချီရှိနေသလို ခုထိ အဖမ်းခံနေရသူက ၃၀၀၀ ထက်မနည်း ရှိကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ပြဿနာကြောင့် လိုအပ်သူတွေဆီ လူသားချင်းစာနာမှု အကူညီပေးရေးမှာရော ပညာရေး၊ ကျန်းမာရေးနဲ့ ကိုဗစ် ၁၉ တိုက်ဖျက်ရေးတွေနဲ့ အတူ အခြေခံလူ့အခွင့်ရေးတွေကိုပါ ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

ဒီနှစ်ထဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျန်းမာရေးနဲ့ နိုင်ငံရေးတွေ ပြဿနာကြုံနေရချိန်မှာ တိုက်ပွဲတွေပါ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေတာဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက် သိပ်ကို အန္တရာယ်ကြီးတယ်လို့ မြန်မာနိုင်ငံတွင်းက ကုလသမဂ္ဂ လူဦးရေးဆိုင်ရာရံပုံငွေအဖွဲ့ UNPF နဲ့ UN WOMEN ကုလအမျိုးသမီးအဖွဲ့ တို့ကလည်း ပူူတွဲကြေညာချက် ထုတ်ပြန် သတိပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူမှုစီးပွါးယိုယွင်းနေတဲ့ အခြေအနေကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ နောက်ထပ် သိန်းနဲ့ချီရှိလာ နေပြီလို့လည်း ပြောပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *