လက်ာရည်ကျော်၏”ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုကို သင်ရိုးကနေဖြုတ်ချပေးဖို့ NUG အစိုးရထံ ကလေးတက္ကသိုလ် မြန်မာစာကျောင်းသားများ တောင်းဆို

 

မြန်မာစာတတိယနှစ် သင်ရိုးပါ စာရေးဆရာ လက်ာရည်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုကိုသင်ရိုးကနေဖြုတ်ချပေးရန် ကလေးတက္ကသိုလ် မြန်မာစာအထူးပြုကျောင်းသားများက NUGအစိုးရ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးထံ ဇူလိုင်လ၁၁ရက်နေ့ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါသည်။

လက်ာရည်ကျော် ကလောင်အမည်ဖြင့်ဒေါက်တာရဲမြင့်ကျော်မှာ စစ်တပ်လက်အောက်တွင် ဆက်လက်တာဝန်ထမ်း​ဆောင်လျှက် ရှိနေသူဖြစ်ပြီး ပြည်သူနှင့်အတူ အမှန်တရားဘက်မှ ရပ်တည်ခြင်းမရှိသူဖြစ်ကြောင်း ကလေးတက္ကသိုလ် မြန်မာစာ ကျောင်းသားများ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။

အဆိုပါတောင်းဆိုစာနှင့်ပက်သက်ပြီး”သင်ရိုးအနေနဲ့ကဒီဝတ္ထုကဖြုတ်လည်းရတယ်မဖြုတ်လည်းရတယ်။ကျန်တဲ့ဝတ္ထုပြောင်းမယ်ဆိုရင်လည်းဆရာမတွေစာပိုဖတ်ဖြစ်တာပေါ့”ဟုစစ်တပ်အာဏာသိမ်းပြီးချိန်တွင်ဆက်လက်အလုပ်လုပ်နေသူမြန်မာစာဆရာမတစ်ဦးက MCTV CLUB သို့ပြောသည်။

ကလေးတက္ကသိုလ် မြန်မာစာ အထူးပြု ကျောင်းသားများအနေဖြင့်လည်း စာရေးဆရာ လက်ာရည်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ”ဝတ္ထုအပါအဝင် အခြားမည်သည့်စာအုပ်ကိုမှ ဝယ်ယူခြင်း၊ဖတ်ရှုခြင်းပြုလုပ်မည် မဟုတ်​ကြောင်း အိတ်ဖွင့်ပေးစာမှာ ရေးသားဖော်ပြထားသည်။အဆိုပါဝတ္ထုသည်သင်ရိုးတွင် ဆရာဂျာနယ်ကျော်ဦးချစ်မောင်၏”သူ”ဝတ္ထုနေရာတွင်ခေတ်ပေါ်ဝတ္ထုအဖြစ်အစားဝင်ခဲ့သောဝတ္ထုဖြစ်ကြောင်းသိရသည်။

“ခုနိုင်ငံရေးအရဖြစ်ပေါ်နေတဲ့ခံစားချက်ကိုလည်းနားလည်တယ်။လူငယ်တွေရဲ့ခံစားချက်ကပိုမြင့်တယ်။ဒီအနေအထားမှာဒီဝတ္ထုကိုဖြုတ်သင့်တယ်ဆိုတဲ့ကလေးခံစားချက်ကိုလည်းမှားတယ်လို့ခုချိန်မှာပြောလို့မရဘူး။သို့သော်သင်ရိုးညွှန်းတမ်းဆိုတဲ့လမ်းကြောင်းပေါ်ကပြောလို့ရှိရင်လက်ာရည်ကျော်ရဲ့”ကြိုးကြာတောင်ပံခတ်သံ”ကိုခုမှထည့်ထားတာမဟုတ်ဘူးလေ။ပညာရှင်တွေကဒီအတန်းနဲ့လျှော်တယ်ထင်လို့ထည့်ခဲ့တာ။ခုချိန်မှာဒီလိုမျိုးဖြစ်လိူ့ပြန်ပြီးတော့ပြောင်းပေးရမယ်ဆိုတာကသင်ကြားရေးပိုင်းနဲ့ပညာရှင်တွေရဲ့သုံးသပ်ခဲ့မှုနဲ့ခုဖြစ်နေတဲ့နိုင်ငံရေးပြဿနာကိုနဲနဲလေးခွဲမြင်ပေးရင်ပိုအဆင်ပြေမယ်လို့မြင်ပါတယ်”ဟုCDMလှုပ်ရှားမှုတွင်ပါဝင်သူမြန်မာစာဆရာတစ်ဦးကသူ့အမြင်ကိုသုံးသပ်ပြောဆိုပါသည်။

ဒဂုံတက္ကသိုလ်မြန်မာဌာနမှကျောင်းသားတစ်ဦးက”အဓိကစာကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာတော့မပြောလိုပါဘူး။ဒါပေမယ့်ဒီချိန်မှာစစ်တပ်ကြောင့်လူငယ်တွေသေနေတာရှိတယ်။အဲ့တာကိုစစ်အုပ်စုဘက်မှာသွားရပ်တဲ့စာရေးဆရာတစ်ဦးရဲ့စာကိုဘာမှသင်စရာအကြောင်းလည်းမရှိဘူး။နောက်တစ်ခုကဓမ္မဘက်မှာမရပ်တဲ့သူတွေကိုဝိုင်းကြဉ်တာမျိုးကောင်းကောင်းလုပ်ရမှာပေါ့။”သူ့အမြင်ကိုကပြောပြသည်။

NUGအစိုးရ အနေဖြင့် “ကြိုးကြာတောင်ပံခတ်သံ”ဝတ္ထုဖြင့် ၂၀၀၇ ခုနှစ်ဖြင့် ရရှိခဲ့သည့် အမျိုသားစာပေ(လူငယ်ဆု)ကိုပြန်လည်ရုပ်သိမ်းပေးရန်နှင့်စာရေးဆရာ လက်ာရည်ကျော် ရေးသားထုတ်ဝေသည့် စာပေများကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခြင်းမပြုလုပ်ရန် ကလေးတက္ကသိုလ် မြန်မာစာ အထူးပြု ကျောင်းသားများက တောင်းဆိုထားခြင်းဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *