ထိုင်းနိုင်ငံမှတင်သွင်းလာသည့်အောက်စီဂျင်ဘူးနဲ့စက်ပစ္စည်းတွေဝင်ရောက်မှုစကစမှပိတ်ပင်

ဇူလိုင် ၁၁ ရက်။

မြန်မာနိုင်ငံမှာ ဇူလိုင်လဆန်းပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေချိန် မြဝတီဂိတ်ကတဆင့် ထိုင်းနိုင်ငံမှ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ဝင်ရောက်မှုကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ ရက်စွဲပါစာနဲ့ မြဝတီကုန်သွယ်ရေးဇုန်က အကောက်ခွန်ဦးစီးဌာနကို အရေးပေါ်အစည်းဝေး EICC ရဲ့ ဆုံးဖြတ်ချက်အရ နိုင်ငံခြားသုံးငွေလျော့ချရေးနဲ့ ပြည်တွင်းထုတ်ကုန်များအပေါ် စျေးကွက်ယှဥ်ပြိုင်မှု အကာကွယ်ပေးနိုင်ရေး အတွက် ခုလိုပိတ်ပင်ဖို့ ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

ထိုင်းနိုင်ငံက ကိုဗစ်ကာကွယ်ရေးပစ္စည်းများဝင်ရောက်မှုပိတ်ပင်လိုက်တဲ့ အထဲမှာ မြန်မာနိုင်ငံရဲ့စျေးကွက်ထဲမှာ လိုအပ်မှုရှိနေတဲ့ နှာခေါင်းစည်း၊ လက်အိတ်၊ PPE တို့ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ကိုဗစ်ကာလ အဓိကအရေးကြီးဆုံး ပြသနာဖြစ်တဲ့ အောက်စီဂျင်ကို ပြည်တွင်းမှာ လိုအပ်သလောက် မထုတ်ပေးနိုင်သလို ထိုင်းနိုင်ငံကတဆင့် ဝင်ရောက်လာမယ့် အောက်စီဂျင်ဘူးနဲ့ အောက်စီဂျင်စက်တို့ကိုလည်း ထည့်သွင်းတားမြစ်ခဲ့ပါတယ်။

နိုင်ငံခြားသုံးငွေလျော့ချရေးနဲ့ ပြည်တွင်းထုတ်ကုန်များအပေါ် စျေးကွက်ယှဥ်ပြိုင်မှု အကာကွယ်ပေးနိုင်ရေးအတွက်အကြောင်းပြကာ ခုလိုချိန်မျိုးမှာ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကို တားမြစ်တာဟာ ပြည်သူအပေါ် လုပ်ကြံတာဖြစ်တယ်လို့ စည်းပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

” နိုင်ငံခြားသုံးငွေလျော့ချရေးနဲ့ ပြည်တွင်းထုတ်ကုန်များအပေါ် စျေးကွက်ယှဥ်ပြိုင်မှု အကာကွယ်ပေးနိုင်ရေးဆိုတာက လုပ်သင့်တယ် ဘယ်လိုအချိန်မှာ လုပ်သင့်လည်းဆိုတော့ နိုင်ငံစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကောင်းနေတဲ့အချိန်မျိုးမှာလုပ်သင့်တာ ခုလိုအချိန်မျိုးမှာ လုပ်တာကတော့ ပြည်သူကို လုပ်ကြံတာလို့မြင်တယ်”လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *