မြန်မာကို ပိတ်ဆို့အရေးယူလိုစိတ်မရှိသော ဂျပန်ကြောင့် သမ္မတဘိုင်ဒန်၏ဗျူဟာ အားပျော့နေ

ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားကောင်းနေစဉ် ရန်ကုန်မြို့ရှိ ဂျပန်သံရုံးအပြင်ဘက်တွင် ရာပေါင်းများစွာသော ဆန္ဒပြသူများ စုဝေးခဲ့ကြရာ သံအမတ်ကြီး Mr Ichiro Maruyama ကိုယ်တိုင် သံရုံးရှေ့သို့ထွက်ပြီး ထိန်းသိမ်းခံအရပ်သားခေါင်းဆောင်များကို “ချက်ချင်း” လွှတ်ပေးရန် မြန်မာစစ်တပ်ခေါင်းဆောင်များအား လေးလေးနက်နက် သတိပေးခဲ့သည်။

မြန်မာဘာသာဖြင့် အမှာစာပါးခဲ့သည့် အဆိုပါပြောကြားချက်သည် ဒီမိုကရေစီ ထောက်ခံဆန္ဒပြသူများ၏ တခဲနက် ဩဘာပေးမှု့ ရရှိခဲ့ပြီး တပ်မတော်ဟုသိကြသည့် မြန်မာစစ်တပ်ကို ဖိအားပေးရာတွင် ပြတ်သားစွာ အရေးယူဆောင်ရွက်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းကာလများတွင်မူ ဂျပန်သည် ဆောင်ရွက်ဆဲ စီမံကိန်းများရပ်ဆိုင်းရန် သို့မဟုတ် ပိတ်ဆို့အရေးယူမှုများချမှတ်ရန် တောင်းဆိုမှုများကို အတိုက်အခံပြုခဲ့ပြီး ဂျပန်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများမှလွဲ၍ အခြားပူးပေါင်းမှုအသစ်များအား မြန်မာစစ်အာဏာရှင်များနှင့် မပြုလုပ်တော့ဘဲ ရှောင်ရှားသွားမည်ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။

 

ထို့ထက်ပိုသည်မှာ သြဇာရှိ ဂျပန်လူမျိုးအချို့က မြန်မာစစ်တပ်၏ လက်ရှိအုပ်ချုပ်မှုကို လက်သင့်ခံရန် လေသံပစ်လာခြင်းဖြစ်သည်။

ထိပ်တန်း ဂျပန်နိုင်ငံရေးသမားများနှင့် စီးပွားရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော သြဇာရှိ ဂျပန်-မြန်မာအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr Yusuke Watanabe သည် ဂျပန်အစိုးရအနေဖြင့် “အုပ်ချုပ်မှုအပြောင်းအလဲအတွက် အနောက်နိုင်ငံ၏ မူဝါဒကို ဇွတ်မှိတ်ထောက်ခံနေမည့်အစား တပ်မတော်နှင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားဒီမိုကရက်တစ်နိုင်ငံများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်သင့်ကြောင်း” ပြီးခဲ့သည့်လက အတွေးအမြင်ဆောင်းပါးတစ်ခုတွင် ရေးသားခဲ့သည်။

Mr. Watanabe သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ဦး၏ သားဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် “ပုံမှန်အဆက်အသွယ်ရှိသည့် နိုင်ငံခြားသားအနည်းငယ်” တွင် အပါအဝင်ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယူဆထားသည်။

စစ်တပ်ကို ဘဏ္ဍာရေးဆိုင်ရာ ဖိအားပေးရန် ဂျပန်၏ တုံ့ဆိုင်းမှုသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ဒီမိုကရေစီကို ကာကွယ်နိုင်ရေး အာရှရှိ အမေရိကန်မဟာမိတ်များကို တိုက်တွန်းနေမှုအပေါ် အခက်အခဲများစွာ ဖြစ်ပေါ်စေသည်။ ယခုအကြောင်းအရာသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဥရောပတစ်လွှားတွင် G7 ထိပ်သီးအစည်းအဝေးနှင့် အခြားတွေ့ဆုံမှုများတွင် သမ္မတဘိုင်ဒန် အဓိက ရည်ညွှန်းပြောဆိုခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။

အမေရိကန်နောက်ခံပြုထားသည့် Quad အဖွဲ့တွင် သြစတေးလျနိုင်ငံနှင့်အတူ ပါဝင်သည့် ဂျပန်နှင့် အိန္ဒိယ နှစ်နိုင်ငံတို့သည် စစ်အာဏာရှင်များကို တင်းမာစွာ ကိုင်တွယ်ဆောင်ရွက်လျှင် တရုတ်၏ ဒေသတွင်းလွှမ်းမိုးမှုကို ပိုမိုဆိုးဝါးစေမည့် အန္တရာယ်သာဖြစ်စေမည်ဟု လက်ခံကြသည်။
ထိုနိုင်ငံများသည် ရှန်ကျင်းအရေးအပေါ် တရုတ်အရာရှိများကို ပိတ်ဆို့အရေးယူရေး အနောက်နိုင်ငံများနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းလည်း မရှိခဲ့ပေ။

“ဂျပန်အနေနဲ့ကတော့ အရေးယူပိတ်ဆို့မှုတွေကို မယုံကြည်ကြဘူး၊ ဂျပန်တွေကတော့ နိုင်ငံတစ်နိုင်ငံဟာ စီမံအုပ်ချုပ်မှုဆိုင်ရာ ဒီမိုကရေစီနည်းလမ်းတွေကို လက်မခံဘူးဆိုရင် စီးပွားရေးလည်း အောင်မြင်နိုင်မှာမဟုတ်ဘူးဆိုတဲ့ အမြင်ရှိကြတယ်။ ဒါကြောင့် စီးပွားရေး ခိုင်မာတောင့်တင်းမှုမရှိဘူးဆိုရင် အစိုးရဟာလည်း အာဏာတည်နိုင်မှာမဟုတ်ဘူးလို့ လက်ခံထားကြတယ်” ဟု Kyushu တက္ကသိုလ် အရှေ့တောင်အာရှနိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဘာသာရပ် အထူးပြုတွဲဖက်ပါမောက္ခ Mr Nobuhiro Aizawa က ပြောကြားခဲ့သည်။

ဂျပန်အစိုးရသည် ပြည်သူများကို အကြမ်းဖက်မှုရပ်တန့်ရန်၊ ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီပြန်လည်ပေးရန် မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့သည်။ လွှတ်တော်အမတ်များက ဂျပန်အောက်လွှတ်တော်တွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချရေးအဆိုကို ဇွန်လ ၈ ရက်နေ့က အတည်ပြုခဲ့သည်။

“နိုင်ငံတကာအသိုက်အဝန်းလိုပဲ ဂျပန်နိုင်ငံသည်လည်း မြန်မာစစ်တပ်အပါအဝင် မြန်မာနဲ့ ဆက်ဆံရေးလမ်းကြောင်းများစွာ ရှိပါတယ်။ ဂျပန်နိုင်ငံတင်မဟုတ်ဘဲ နိုင်ငံများစွာဟာလည်း အခြေအနေပေါ်မူတည်ပြီး ကိုင်တွယ်နိုင်ဖို့ အကောင်းဆုံးနည်းကို စဉ်းစားနေတယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်” ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက စာဖြင့်ပေးပို့ထားသည့်မေးခွန်းများကို ဖုန်းဖြင့် ပြန်လည်ဖြေကြားပေးခဲ့သည်။

ယနေ့အချိန်ထိ ဂျပန်သည် မြန်မာစစ်ဗိုလ်ချုပ်များကို အကာအကွယ်ပေးသည့် သမိုင်းကြောင်း ရှိနေဆဲဖြစ်သည်။ ၂၀၁၉ ခုနှစ်က အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မူဆလင်များကို သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲမှုများအတွက် International Court of Justice (ICJ) တွင် စွဲချက်တင်ခံရမှုတစ်ခုတွင် “မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုမရှိကြောင်း” သံအမတ်ကြီး Maruyama က ပြောကြားခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သူ မည်သူကိုမဆို အပြစ်ပေးမည်ဆိုသည့် “မြန်မာစစ်တပ် ကတိတည်မယ်လို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ထားပါတယ်” ဟု သံအမတ်ကြီးက ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသည်။

ဂျပန်အနေဖြင့် ယခုအရေးတွင် ပြင်းထန်စွာအရေးယူရန် ရှောင်ရှားနေရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ တရုတ်၏လွှမ်းမိုးမှု ပိုမိုဆိုးဝါးလာမည်ကို ပူပန်မှုကြောင့်ဖြစ်သည်။ တရုတ်အစိုးရသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နိုင်ငံများ၏ တညီတညွတ်တည်း ပိတ်ဆို့မည့်အစီအစဉ်ကို ပယ်ချခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် မြန်မာအပေါ် ၎င်းတို့၏မူဝါဒ သက်ရောက်မှုမရှိဟုဆိုကာ ကမ္ဘာ့စင်မြင့်တွင် စစ်အုပ်ချုပ်မှုတရားဝင်ရေး လက်ခံကြောင်း ပြခဲ့ပြီးဖြစ်သည်။

“၎င်းတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးများကြောင့်လည်းကောင်း၊ ဂျပန်အတွက် မြန်မာအရေးဟာ တရုတ်နှင့် ပထဝီစီးပွားရေးပြိုင်ဆိုင်မှုဟု ရှုမြင်သည့်အကြောင်းကြောင့်လည်းကောင်း ယခု စစ်အာဏာရှင်ကို ဖိအားပေးသည့် လုပ်ဆောင်မှုထဲမှာ ပါဝင်လာဖို့ တွန့်ဆုတ်နေတာဖြစ်ပါတယ်” ဟု ဂျပန်နိုင်ငံ ရပ်တည်ချက်အပေါ် စင်္ကာပူ နိုင်ငံတကာရေးရာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Mr Simon Tay က သုံးသပ်ပြောဆိုခဲ့သည်။

ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာသည် ဒုတိယကမ္ဘာစစ်ကပင် ရှည်လျားသည့် ဆက်ဆံရေးသမိုင်းကြောင်းရှိခဲ့ပြီး ထိန်းသိမ်းခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ခေတ်သစ် မြန်မာပြည်လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် တော်လှန်ရေးလှုပ်ရှားမှုများကို ထိုအချိန်က ဂျပန်အစိုးရအုပ်ချုပ်ရေးပိုင်းက ကူညီခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ရန် တပ်မတော်ကို ဖွဲ့စည်းပေးရာတွင်လည်း ကူညီပေးခဲ့သည့် အစဉ်အလာရှိခဲ့သည်။

၁၉၄၅ ခုနှစ်အထိ ဂျပန်က မြန်မာကို ဆက်လက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက ပြန်လည်ဆန့်ကျင်ခဲ့သည်။ စစ်အုပ်ချုပ်ရေးကာလတစ်လျှောက်တွင်ပင် နှစ်နိုင်ငံလုံးသည် ရင်းနှီးသည့်ဆက်ဆံရေးကို ထိန်းသိမ်းခဲ့သည်။

မြန်မာသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် စတင်ဖွင့်လှစ်လိုက်စဉ်က ဂျပန်ကို အဆင့်မြင့်စီမံကိန်းများစွာ လုပ်ကိုင်ခွင့်ပြုခဲ့သည်။ အဆိုပါ စီမံကိန်းများတွင် မြန်မာ့တစ်ခုတည်းသော ဆောင်ရွက်ဆဲဖြစ်သည့် အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်စတော့အိတ်ချိန်း စတင်တည်ထောင်ခွင့်တို့အတွက် အစိုးရပိုင်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပေးခဲ့ခြင်းတို့ ပါဝင်သည်။
ဂျပန်သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နောက်ပိုင်းမှစပြီး စင်္ကာပူနှင့် တရုတ်နိုင်ငံတို့နောက်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တတိယအများဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူအဖြစ် ၂၀၂၁ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံဖြင့် ရပ်တည်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။

သို့သော်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရာပေါင်းများစွာသော ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့ပြီးနောက် စစ်တပ်နှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများသည် ၎င်းတို့လုပ်ငန်းများကို ပြန်လည်ရုပ်သိမ်းရန် ပြင်းထန်သောဖိအားများ ရင်ဆိုင်နေရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် တစ်ခုဖြစ်သည့် Kirin Holdings သည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် အကျိုးတူပူးပေါင်းမှု ရပ်ဆိုင်တော့မည်ဖြစ်ကြောင်း စစ်အာဏာသိမ်းမှုအပြီး ရက်ပိုင်းအတွင်း ပြောဆိုခဲ့သည်။ မြန်မာ့အကြီးဆုံး အဖျော်ယမကာထုတ်လုပ်သည့် စီးပွားရေးဦးပိုင်ထံမှ လွန်ခဲ့သောခြောက်နှစ်က အမေရိကန်ဒေါ်လာ ၅၆၀ သန်းတန်ဖိုးရှိ အစုရှယ်ယာအများဆုံး ဝယ်ယူခဲ့သည်။ ကြေညာချက် တစ်ခုတွင် ကုမ္ပဏီက ရပ်ဆိုင်းရန် “အလျင်အမြန် ဆောင်ရွက်မည်” ဟု ဖော်ပြထားသော်လည်း ကာလအပိုင်းအခြားမရှိပေ။

မစ်ဆူဘီရှီ၏ UFJ Financial Group သည်လည်း Justice for Myanmar အဖွဲ့၏ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုတွင် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ သို့မဟုတ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်ထောင်ခဲ့သည့် ကုမ္ပဏီဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုထားသည့် Mytel နှင့် အဆက်အသွယ်ရှိသည့် နိုင်ငံတကာကုမ္ပဏီများစာရင်းတွင် ပါဝင်လာခဲ့သည်။ မစ်ဆူဘီရှီ၏ ပြောရေးဆိုခွင့်ရသူက ကုမ္ပဏီအနေဖြင့် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မှတ်ချက် မပေးလိုကြောင်း ပြောဆိုခဲ့သည်။

Mytel ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည့် Viettel အုပ်စုသည် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင်ဖြစ်ပြီး မြန်မာ့စစ်အာဏာရှင်များ၏ စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနိုင်ရန် ဖုန်းသုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို ရှာဖွေပေးကြောင်း Justice for Myanmar အဖွဲ့က စွပ်စွဲထားသည်။ မြန်မာစစ်တပ်သည် ဆန္ဒပြမှုများနှိမ်နင်းရန် ကြိုးပမ်းသည့်အနေဖြင့် မိုဘိုင်းအော်ပရေတာများအား မိုဘိုင်းအင်တာနက်များကို ပိတ်ရန်လည်း ညွှန်ကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Mytel ကို မှတ်ချက်ပြုရန် အီးမေးလ်ဖြင့်လည်းကောင်း ဖုန်းဖြင့်လည်းကောင်း အကြိမ်ကြိမ်ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိပါ။ Viettel ပြောရေးဆိုခွင့်ရသူကမူ ကုမ္ပဏီအနေဖြင့် ယခုကိစ္စကို မှတ်ချက်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်အစိုးရသည် စစ်တပ်ကို ဖိအားပေးသည့်နည်းဖြင့် အပြစ်ပေးရန်ကြိုးပမ်းခြင်းထက် မြန်မာပြည်သူများ၏ စီးပွားရေးနှင့် လုံခြုံရေးကို ပိုမိုစိုးရိမ်ပူပန်ကြောင်း စင်္ကာပူရှိ ISEAS – Yusof Ishak Institute အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်မိုးသူဇာက ဆိုသည်။

စစ်တပ်ကို ပိတ်ဆို့အရေးယူမှုမရှိသည့် မတင်မကျဆောင်ရွက်မှုများသည် အပြုသဘောဆောင်သည့် ရလဒ်တစ်ခုကို ဦးတည်သည့် ဆွေးနွေးညှိနှိုင်းမှုများအတွက် ရည်ရွယ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း သူကပြောသည်။

ထိုဆောင်ရွက်ချက်ကြောင့်ပင် စစ်အုပ်စုအနေဖြင့် ရသမျှအနေအထားအပေါ် အခွင့်အရေးယူပြီး ဆက်လက်လှည့်ဖြားခြင်းသော်လည်းကောင်း ‘မိတ်ဆွေအနည်းငယ်ဖြင့် ရှေ့ဆက်ရန်’ ဆုံးဖြတ်ခြင်းသော်လည်းကောင်း လုပ်လာနိုင်သည့် အန္တရာယ်လည်းရှိနေကြောင်း ဒေါ်မိုးသူဇာက သုံးသပ်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *