မွေးနေ့ကို အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေရတဲ့ အသက် ၅ နှစ်အရွယ် မစုထက်ဝိုင်း

မိုးကုတ်မြို့ သပိတ်ခေါင်းဆောင်တဦး၏ အရွယ်မရောက်သေးသည့် သမီးငယ် မစုထက်ဝိုင်းကို စစ်ကောင်စီက ဖမ်းဆီး ချုပ်နှောင်ထားသည့်အတွက် ယနေ့တွင် ကျရောက်သည့် သူမ၏ ၅ နှစ်ပြည့် မွေးနေ့ပွဲကို မိုးကုတ်မြို့အကျဉ်းထောင်ထဲတွင် ဖြတ်သန်းနေရပြီ ဖြစ် သည်။

စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ဝရမ်းထုတ် ထားသည့် သပိတ်ခေါင်းဆောင်တဦးဖြစ်သူ ကိုစိုးဌေးအား ဖမ်းဆီးရန် လာရောက် ရှာဖွေရာတွင် မတွေ့သည့် အတွက် ၎င်း၏ သမီး ၂ ဦးနှင့် ဇနီးဖြစ်သူကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဇွန်လ ၁၃ ရက်ကတည်းက ဖမ်းဆီးခေါ်ဆောင် သွားခံရသည့် အရွယ်မရောက်သေးသော မစုထက်ဝိုင်း၊ သမီးကြီးဖြစ်သူ တတိယနှစ်ကျောင်းသူနှင့် ဇနီးဖြစ်သူတို့ကို ယနေ့အချိန်အထိ မိသားစုများက တွေ့ဆုံခွင့်မရရှိသေးကြောင်း ကိုစိုးဌေးက ပြောသည်။

ကိုစိုးဌေးက “ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက ကျနော့် အိမ်ကို ဝရမ်းလာကပ်တယ်။ အိမ်မှာက သမီးကြီးရယ်၊ သမီးငယ်လေးရယ်၊ ကျနော့်မိန်းမရယ် ရှိနေတယ်။ ကျနော့်ကို မတွေ့တော့ပြန်သွားတယ်။ နောက် ၂ နာရီလောက်ကြာပြီး နေ့လယ်ပိုင်းမှာ စစ်ရော၊ ရဲရော အင် အားအလုံး အရင်းနဲ့ ပြန်လာပြီး မိန်းမနဲ့ အသက်မပြည့်သေးတဲ့ သမီးငယ်လေး အပါအဝင် သမီးနှစ်ယောက် လုံးကို ဖမ်းသွားတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး “ဖမ်းသွားတာ ၂ ပတ်ကျော်ပြီ။ အဝတ်တတည် ကိုယ်တခုစီနဲ့ ဖမ်းသွားတာ ဘာအဆက်သွယ်မှ မရဘူး။ အမျိုးသမီးရဲ့ အမျိုးတွေက ထောင်ဝင်စာ သွားတွေ့တယ်။ ဂိတ်ဝမှာ နာမည်ပြောလိုက်တာနဲ့ မောင်းထုတ်တာ ဘယ်သူ့ကိုမှ အတွေ့မခံဘူး။ ဒီကနေ့က သမီးငယ်လေးရဲ့ ၅ နှစ်ပြည့် မွေးနေ့လေ” ဟု ပြောကြား‌ေပးပို့ခဲ့သည်။

ယခုကဲ့သို့ အသက်္မပြည့်သေးသည့် ကလေးငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေသည့် စစ်ကောင် စီ၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် အမြန်ဆုံး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကိုစိုးဌေးက တိုက်တွန်း ပြောဆိုသည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ကိုစိုးဌေးနှင့် သားနှစ်ယောက်ကိုလည်း ဖမ်းဆီးနိုင်ရန် ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *