အင်ဒိုနီးရှားမှာ ထပ်တိုး ကိုဗစ်ပိုးတွေ့သူ ၂၁၀၀၀ ကျော်ဖြင့် တစ်နေ့တာ ပိုးတွေ့ဦးရေ စံချိန်တင်

အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က ထပ်တိုး ကိုဗစ်ပိုးတွေ့သူ ၂၁၀၉၅ ဦးရှိခဲ့ကာ တစ်နေ့တာ ပိုးတွေ့ဦးရေ အများဆုံးဖြစ်ခဲ့ကြောင်းနဲ့ နိုင်ငံရဲ့ စုစုပေါင်း ပိုးတွေ့လူနာ ၂၀၉၃၉၆၂ ဦးရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူ ၃၅၈ ဦးရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးဦးရေ ၅၆၇၂၉ ဦး ရှိလာပါတယ်။


အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကိုဗစ် ပိုးတွေ့လူနာနဲ့ သေဆုံးဦးရေ အမြင့်ဆုံးနိုင်ငံဖြစ်နေပါတယ်။ နောက်တဖန် ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်လာမှုနဲ့အတူ ဂျကာတာမှာ ဆေးရုံနဲ့ လူနာကုတင်တွေ ထပ်တိုးထားကြောင်း ဂျာဗားကျွန်းဒေသမှာတော့ အောက်ဆီဂျင် လုံလုံလောက်လောက်ရှိတယ်ဆိုတာ အာမခံပါကြောင်း ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီ ဆာဒီကင်က သောကြာနေ့မှာ ပြောဆိုခဲ့ပါသည်။

ဒါ့အပြင် အစိုးရအနေနဲ့ ဂျကာတာမှာ ကိုဗစ် ယာယီဆေးရုံသစ်တွေ အသင့်ပြင်နေတယ်လို့လည်း ဆိုပါတယ်။ ယင်းဆေးရုံတွေမှာ ရောဂါလက္ခဏာပြ လူနာတွေနဲ့ လက္ခဏာအနည်းငယ်ပဲပြတဲ့ လူနာတွေကို ကုသပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လက Idul Fitri အားလပ်ရက်ကာလအတွင်း နေရပ်ပြန်သူတွေနဲ့ ခရီးသွားနေရာတွေမှာ လူတွေစုပြုံသွားရောက်ခဲ့မှုတွေကြောင့် ကိုဗစ် ကူးစက်မှုတွေ အလုံးအရင်းပေါ်ပေါက်ခဲ့လာခဲ့ပါတယ်။


သမ္မတ ဂျိုကိုဝီဒိုဒိုအနေနဲ့ သြဂုတ်လကုန်လောက်မှာ ဂျကာတာဒေသခံ ၁၀.၅ သန်းအနက် ၇.၅ သန်းခန့်ကို ကိုဗစ် ကာကွယ်ဆေးတွေ ထိုးနှံပေးနိုင်ဖို့ ရည်မှန်းချက်ထားနေကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *