ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်အား ကိုဗစ်(၁၉)ရောဂါကြောင့် ဧပြီ ၂၃ ရက်တွင် သေဆုံးသွားခဲ့သူ Kunlasab ၏ မိသားစုက တရားစွဲဆိုကာ နစ်နာကြေးအဖြစ် ဘတ်ငွေ ၄ ဒသမ ၅၃ သန်း တောင်းဆိုထားကြောင်း မေ ၁၄ ရက် ဗန်ကောက်ပို့စ်သတင်းအရ သိရသည်။
ကိုဗစ်(၁၉)ရောဂါကြောင့် သေဆုံးခဲ့သူ Kunlasab သည် online gamer esport ကစားသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ၌ လူသိများ ထင်ပေါ်ကျော်ကြားသူလည်းဖြစ်သည်။ ၎င်းသည် ဧပြီ ၁၄ ရက်တွင် စတင်ဖျားခဲ့ရာ ကွာရန်တင်းလုပ်နေကြောင်းကို ဧပြီ ၁၇ ရက်က ဖေ့စ်ဘွတ်ခ်၌ တင်ခဲ့သည်။ ထိုကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ Covid hotline ဖုန်းနံပါတ်များကို အကြိမ်ကြိမ်ခေါ်ဆိုပြီး ဆေးစစ်ခံရန်နှင့် ကုသမှုခံရယူန် အကူအညီတောင်းခဲ့သော်လည်း မည်သည့်ကူညီမှုမျှမရခဲ့ဟု သိရသည်။
ထို့နောက် အခြေအနေဆိုးရွားလာသဖြင့် ဆေးကုသမှုခံယူရန် လိုအပ်နေပြီဖြစ်ကြောင်းကို ဧပြီ ၂၀ ရက်တွင် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် Live လွှင့်လိုက်မှုကြောင့် ဧပြီ ၂၁ရက်တွင် ဆေးရုံတက်ခွင့်ရရှိခဲ့သော်လည်း ဆေးမမီတော့ဘဲ ဧပြီ ၂၃ ရက်တွင် အသက်ဆုံးပါးသွားခဲ့ရခြင်းဖြစ်သည်။ “အဝလွန်မှုကြောင့် သူ့ရောဂါလက္ခဏာက ပိုမိုပြင်းထန်ခဲ့ပါတယ်”ဟု ဆရာဝန်များက ပြောဆိုခဲ့သည်။
၎င်းအသက်ဆုံးပါးရခြင်းသည် အစိုးရကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၏ပျက်ကွက်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟူသောစွဲချက်ဖြင့် Kunlasab ၏အစ်ကိုဖြစ်သူ Kulachet Wattanaphon က ဝန်ကြီးချုပ်အပါအဝင် ကိုဗစ်စင်တာမှ တာ၀န်ရှိသူများကို တရားစွဲဆို၍ နစ်နာကြေးအဖြစ် ဘတ်ငွေလေးသန်းခွဲ (မြန်မာငွေကျပ်သိန်း ၂၅၀၀) တောင်းဆိုခဲ့ခြင်းဖြစ်သည်။ Kulachet Wattanaphon က “ချက်ချင်းစစ်ဆေးကုသမှု ခံယူခဲ့ရရင် ကျွန်တော့်ညီ အခုလိုသေမှာမဟုတ်ပါဘူး”ဟု တရားရုံးသို့ပြောဆိုခဲ့သည်။
ယခုတောင်းဆိုထားသော နစ်နာကြေးငွေပမာဏသည် မိခင်ဖြစ်သူအား တစ်လလျှင် ဘတ်ငွေ ၁၅၀၀၀ ထောက်ပံ့ခဲ့သော Kunlasabom အသက် (၆၀) အထိ အသက်ရှင်ခဲ့ပါက မိခင်ဖြစ်သူရရှိနိုင်မည့် ငွေပမာဏကို တွက်ချက်ထားခြင်းဖြစ်ပြီး ၎င်း၏ နာရေးကုန်ကျစရိတ် ဘတ်သုံးသောင်း (မြန်မာငွေ ကျပ် ၁၅ သိန်း) ကိုပါ ပေါင်းထည့်ကာ နစ်နာကြေးအဖြစ် ဘတ်ငွေ ၄ ဒသမ ၅၃ သန်း ရလိုကြောင်း တောင်းဆိုထားခြင်းဖြစ်သည်။
ရှေ့နေဖြစ်သူ EkkaratTapananon က မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူတစ်ဦးဆုံးရှုံးလိုက်ရခြင်းအတွက် တရားမျှတမှုကို မိသားစုက ရှာဖွေနိုင်ပြီး လျော်ကြေးတောင်းဆိုခြင်းသည် မိသားစု၏ အခွင့်အရေးဖြစ်သည်ဟု ဆိုခဲ့သည်။
ထိုင်းပြည်သူ့ကျန်းမာရေး ဒုတိယဝန်ကြီး Sathit Pitutech က Kunlasab ကွယ်လွန်ပြီးနောက်တစ်နေ့တွင် မိသားစုအား ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး အချိန်မီစစ်ဆေးကုသမှုများ လုပ်မပေးနိုင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၏ အားနည်းချက်အတွက်လည်း တောင်းပန်ခဲ့သည်။ လက်ရှိတွင် ဆရာဝန်များသည် ဝန်နှင့်အားမမျှအောင် ကိုဗစ်ရောဂါသည်များ အလွန်များပြားစွာ ကုသပေးနေရကြောင်း ဒုတိယဝန်ကြီးက ဆိုခဲ့သည်။ အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးသည် ယခုတရားစွဲမှုအား လက်ခံ၊ လက်မခံကိစ္စကို ရက် ၃၀ အတွင်း ဆုံးဖြတ်ချက်ပေးရမည်ဖြစ်ကြောင်း သိရသည်။
သတင်း – ထက်လင်းဦး