အဆိုတော်ရေမွန်ရဲ့ ငယ်ဘဝပုံရိပ်အမှတ်တရလေးများ
ရော့ခ်ဂီတအဆိုတော် တဦးဖြစ်သည့် ရေမွန်သည် ယနေ့ (ဇွန် ၂၃ ရက်) နံနက်ပိုင်းတွင် ငှက်ဖျားရောဂါဖြင့် ဆုံးပါးသွားကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရသည်။
အသက် ၃၂ နှစ်အရွယ် အဆိုတော် ရေမွန်သည် ငှက်ဖျားရောဂါပိုး ဦးနှောက်ထဲ ဝင်သွားခြင်းကြောင့် ဆုံးပါးသွားခြင်းဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းက အတည်ပြုပြောဆိုသည်။
တွတ်ပီဟု ချစ်စနိုးခေါ်ကြသည့် အဆိုတော်ရေမွန်၏ သေဆုံးမှုကို ညီမဖြစ်သူက “ အော် ဘပီရယ် နားလည်ပေးကြပါ။ ဖုန်းတွေမဆက်ကြပါနဲ့ဦး ပြန်ဖြေဖို့အားမရှိလို့ပါ။ တောင်းပန်ပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဂီတအသိုင်းအဝိုင်းမှ ၎င်း၏သူငယ်ချင်းဖြစ်သူ အဆိုတော်နိုဗန်ထူးကလည်း ရေမွန်၏ သေဆုံးမှုကို အတည်ပြုထားသည်။
Idiots Band ၏ ပင်တိုင်အဆိုတော် တဦးဖြစ်သည့် ရေမွန်၏ သတင်းနှင့် ပတ်သက်၍ Idiots ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း “မျှော်လင့်မထားတဲ့ သတင်းဆိုးတခုကို ကျနော်တို့ ကြုံလိုက်ရပြီဗျာ။ ကျနော်တို့ရဲ့ Raymond ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ။ စိတ်ထားကောင်းတဲ့ Raymond ကောင်းမွန်တဲ့ဘုံဘဝ ရောက်မှာပါ။သူငယ်ချင်း Rest In Power Brother” ဟု ရေးသားထားသည်။
အဆိုတော်ရေမွန်ရဲ့ ငယ်ဘဝပုံရိပ်အမှတ်တရ လေးတွေကို ဖော်ပြလိုက်ပါတယ်။