အာဏာသိမ်းပြီးနောက် KIA နှင့် နီးစပ်လာသူများ အမည်စာရင်းကို စစ်ကောင်စီက ကောက်ခံနေ

May 16, 2021/ Kachin News Group

လီဒိုလမ်းမပေါ်ရှိ ကျေးရွာများတွင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်လာသောသူများ၏ အမည်စာရင်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် အာဏာသိမ်းစစ်တပ်က တောင်းခံနေကြောင်း သိရသည်။

မေလ ၁၁ ရက်နေ့မှစတင်ပြီး တနိုင်း လီဒိုလမ်းမပေါ်တွင်ရှိကြသော ဒွန်ဘုန်း၊ လဝါး၊ ဒွမ်ဘန်၊ နောင်းမီနှင့်ဝါရာဇွပ် စသောကျေးရွာများတွင်လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးမှူးများကို နီးစပ်ရာ တပ်စခန်းများတွင် ခေါ်ယူကာ အာဏာသိမ်းပြီးနောက်ပိုင်း KIA ထံ စစ်မှုထမ်းရန်သွားသော လူငယ်များ၏ အမည်စာရင်းပေးရန် တောင်းခံခဲ့သည်ဟု နောင်းမီ အုပ်ချုပ်မှူးက ယခုလိုပြောပြသည်။

“အာဏာသိမ်းယူလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ကျေးရွာအတွင်းက KIA ထဲဝင်သွားတဲ့သူတွေ၊ နောက်ပြီး KIA က လာခေါ်သွားတဲ့ သူတွေရဲ့ အမည်စားရင်းကိုတောင်းတယ်။ ကျနော့်ကျေးရွာအတွင်းမှာက မရှိဘူးလို့ပြောတယ်။ KIA က လာခေါ်တာလည်းမကြားဘူးလို့ သူတို့ကိုပြောပြတယ်။ သူတို့က အမည်စားရင်းမပေးနိုင်ဘူးဆိုရင် ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတယ်။ ကျနော်လည်း မသိရတာဖြစ်တဲ့အတွက်လက်မှတ်ထိုးခဲ့ရတယ်” ဟု နောင်းမီ အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

လဝါး နှင့် နောင်းမီ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခလရ ၈၆ တပ်ရင်း ၊ ဒွမ်ဘန် အုပ်ချုပ်ရေးမှူးကို ခလရ ၂၉၈ တပ်ရင်း နှင့် ဝါရာဇွပ် အုပ်ချုပ်ရေးမှူးကကို ခလရ ၂၉၇ တပ်ရင်းတို့တွင် အသီးသီး ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒွမ်ဘန်နှင့် ဝါရာဇွပ်ကျေးရွာအုပ်ချုပ်ရေးမှူတို့က ခေါ်ယူမေးမြန်းမှုပြုလုပ်ခဲ့သော်လည်း လက်ထိုးခိုင်းသည့်အဆင့် မပြုလုပ်ခဲ့ရဘဲ နောင်းမီနှင့်လဝါးကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ၂ဦးက လက်မှတ်ထိုးခဲ့ရကြောင်း သိရသည်။

ကျေးရွာတွင် KIA တပ်ဖွဲ့ထံ စစ်မှုထမ်းသော လူငယ်များ ရှိမရှိ ပြန်လည်စုံစမ်းပေးရန်နှင့် ရှိပါက တစ်ပတ်အတွင်း အကြောင်းကြားလာရန် ပြောဆိုခဲ့ကြောင်း စစ်တပ်က ခေါ်ယူတွေ့ဆုံခဲ့သည့် အုပ်ချုပ်ရေးမှူးများက ကချင်သတင်းဌာန KNG ကို ပြောသည်။

“KIA လိုင်ဇာဘက်မှာ လက်နက်သွားသယ်တဲ့ လူတွေရှိတယ်သိသလားဆိုပြီး မေးတယ်။ ကျနော်က မသိဘူးလို့ တကယ်လို့ သွားရင်တောင်မှ ကျနော့်ကို အကြောင်းကြားမှာ မဟုတ်ဘူးလို့ ပြန်ရှင်းပြတယ်။ အတင်းအကြပ်မေးမြန်းတာတော့မရှိဘူး။ ဒါပေမယ့် ပြန်စုံစမ်းပြီး သတင်းပြန်ပို့လာဖို့က ပြောခဲ့တယ်” ဟု မေးမြန်းခံရသည့် ဝါရာဇွပ်အုပ်ချုပ်ရေးမှူးက KNG ကို ပြောဆိုခဲ့သည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ကျေးရွာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ နယ်မြေဖြစ်ကာ လက်ရှိတွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲ ရံဖန်ရံခါ ဖြစ်ပွားနေသော ဒေသဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *