ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို မွေးနေ့အထိမ်းအမှတ် ချောကလက်လက်ဆောင်ပေး

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို မွေးနေ့အထိမ်းအမှတ် ချောကလက်လက်ဆောင်ပေး

ယနေ့ နေပြည်တော်ရုံးချိန်း တရားလိုပြသက်သေများကို စတင်စစ်ဆေး

နေပြည်တော်။ ဇွန် ၂၁

တရားရုံးမစတင်မီ ရှေ့နေများနှင့် နာရီဝက်ခန့်တွေ့ဆုံခွင့်ရသည့်အချိန်တွင် သူမ၏ မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသော ပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ရှေ့နေများကို မွေးနေ့အထိမ်းအမှတ် ချောကလက်များပေးခဲ့သည်။

“မွေးနေ့ဆုတောင်းပေးတဲ့ ပြည်သူတွေ ကိုကျေးဇူးတင်ပါတယ်တဲ့။ ကျွန်မတို့ကို ချောကလက်သေးသေးလေးတွေ တစ်ယောက်လေးခုစီပေးတယ်။ မွေးနေ့အထိမ်းအမှတ်အတွက်တဲ့။” ဟု ရှေ့နေ ဒေါ်မင်းမင်းစိုးက ဆိုသည်။

၎င်းကိုယ်တိုင်လည်း ကျန်းမာလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ကျန်းမာအောင်နေကြရန် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ့များမှတဆင့် စကားပါးခဲ့သည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲထားသည့် အမှုများ၏ တရားလိုပြသက်သေများကို စတင်စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင်တရားစွဲထားသည့် အမှုငါးမှုအနက်က ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့၏ တရားလိုပြသက်သေဖြစ်သူ ဗိုလ်ကြီး အာကာမင်းနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၏ တရားလိုပြသက်သေ ဒုရဲအုပ်လှိုင်ဝင်းကို စစ်ဆေးခဲ့ကြောင်း ရှေ့နေများက ဆိုသည်။

“ဗိုလ်ကြီးအာကာမင်းက တပ်မတော်ဘက်ကနေလာအစစ်ဆေးခံတာ။ မေးခွန်းတွေမေးတော့ သူက ဘာမှ သိပ်မသိဘူးဖြစ်နေတယ်။ ဆက်သွယ်ရေးပစ္စည်းတွေကို သိမ်းတုန်းက သူ့ဆီအပ်တယ်ဆိုတာလောက်ပဲ သူပြောနိုင်တယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရှေ့နေဦးကြည်ဝင်းက ဆိုသည်။

ထို့နောက် သမ္မတဦးဝင်းမြင့်ကို တရားစွဲထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅၏ တရားလိုပြသက်သေနှစ်ဦးဖြစ်သည့် ဒုရဲအုပ်လှိုင်ဝင်းနှင့် ဇေယျသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော် ကို စစ်ဆေးခဲ့ကြောင်း ရှေ့နေများက ဆိုသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *