မြန်မာ့အရေးဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံမဲမပေးခဲ့ခြင်းက လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကို ပိုမိုကြီးထွားလာစေနိုင်

ပြီးခဲ့တဲ့ဇွန်လ ၁၈ ရက်မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှုဆိုင်ရာ အရေးယူပိတ်ဆို့မှုအဆိုပြုချက်ကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံကို လက်နက်အများဆုံးတင်ပို့ရောင်းချနေတဲ့ တရုတ် နဲ့ ရုရှားအပါအဝင် ၃၆ နိုင်ငံက ကုလအထွေထွေညီလာခံရဲ့အဆိုပြုချက်အပေါ် မဲမပေးဘဲနေခဲ့ကြပြီး ဘီလာရုစ်တနိုင်ငံတည်းကသာ ကန့်ကွက်မဲပေးခဲ့ပါတယ်။

ဘီလာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်နဲ့ ရှည်လျားလှတဲ့သမိုင်းကြောင်းတလျှောက် ဆက်ဆံရေးရှိခဲ့ကြပါတယ်။ မျက်မှောက် ခေတ်မှာတော့ ဘီလာရုစ်နိုင်ငံဟာ ဥပရောရဲ့တခုတည်းသောနောက်ဆုံးလက်ကျန် အာဏာရှင်နိုင်ငံဖြစ်ပါတယ်။

တရုတ်နဲ့ရုရှားတောင် ကုလအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်အပေါ် မဲမပေးဘဲကြားနေအဖြစ်ရပ်တည်ခဲ့ချိန်မှာ အာဏာရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ဘီလာရုစ်က မြန်မာစစ်ကောင်စီဘက်က မျက်နှာပြောင်တိုက်ပြီးရပ်တည်ပေးခဲ့တာ ဆန်းတော့လည်းမဆန်းပါဘူး။

ကုလအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်အပေါ် မဲမပေးဘဲကြားနေအဖြစ်ရပ်တည်ခဲ့တဲ့ ၃၆ နိုင်ငံထဲမှာ အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယား နဲ့ ဘရူနိုင်းနိုင်ငံတို့ပါဝင်ပြီး စင်ကာပူ ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်တို့က ထောက်ခံမဲပေးခဲ့ကြတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး ကုလအထွေထွေညီ လာခံရဲ့ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံအနေနဲ့ထောက်ခံမဲပေးဖို့ ပျက်ကွက်ခဲ့ခြင်းက အခြားအရေးကြီးတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားခဲ့တာမျိုးမရှိခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Tanee Sangrat က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ ကုလအထွေထွေညီလာခံမှာ ထိုင်းနိုင်ငံအနေနဲ့ မှန်ကန်မှုရှိတဲ့ပဋိပက္ခတွေရဲ့ နောက်ခံသမိုင်းကြောင်းအခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ပျက်ကွက်ခဲ့တာ ၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်တဲ့ အခွင့်အရေးတွေအပေါ် ဆိုးကျိုးသက်ရောက်စေတာအပြင် ဒီပဋိပက္ခသာ တကယ်ရှည်ကြာခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံလုံခြုံရေးတိုးမြှင့်ဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာနိုင်တယ် လို့ Tanee ကပြောပါတယ်။

မြန်မာ နဲ့ ထိုင်းနိုင်ငံဟာ နယ်စပ်ကီလိုမီတာချင်း ၂၄၀၀ ရှည် လျားထိစပ်နေတဲ့အတွက် နှစ်နိုင်ငံအကြား ဘက်ပေါင်းစုံ ၊ ထောင့်ပေါင်းစုံတွေကနေ ဆက်ဆံနေကြရပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေက မနက်ဖြန် ထိုင်းနိုင်ငံရဲ့လုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေပါတယ်။

ပဋိပက္ခမှာအဖွဲ့ပေါင်းများစွာနေပြီး တဖွဲ့နဲ့တဖွဲ့အပြစ်တင်နေဖို့မဟုတ်ဘဲ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့အတွက်သာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ယုံကြည်စိတ်ချ ရမှုရှိတဲ့ပတ်ဝန်းကျင်ကို ဖန်တီးဖို့လိုအပ်ပြီး အကြမ်းဖက်မှုတွေဆီ နက်နက်ရှိုင်းရှိုင်းကျရောက်သွားစေနိုင်တဲ့ ရန်လိုမုန်းတီးမှုတွေ မထားသင့်ပါဘူး။

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးခြေလှမ်းလှမ်းနိုင်ဖို့ အကောင်းဆုံးအနေအထားမှာရှိနေပေမယ့် ဧပြီ ၂၄ ရက် အစည်းအဝေးဆုံးဖြတ်ချက်တွေကိုတောင် အပြည့်အဝ အကောင်အထည်ဖော်နိုင်တာမျိုး မရှိသေးပါဘူး။

 

Leave a Reply

Your email address will not be published. Required fields are marked *