(NUG) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ (MMMCC) ပထမအကြိမ်တွေ့ဆုံညှိုနှိုင်းဆွေးနွေး အစည်းအဝေး

ဒုသမ္မတကြီး ဒူဝါလရှီလနှင့် အမျိုးသားညီညွတ်ရေးအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသော

ဒေါ်ဇင်မာအောင်(နိုင်ငံခြားရေးဝန်ကြီး)
ဒေါက်တာဇော်ဝေစိုး(ပညာရေး/ကျန်းမာရေးဝန်ကြီး)နော်ဆူစန်နာလှလှစိုး(အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး)
ဒေါက်တာဆာဆာ(အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး)
ဦးအောင်မျိုးမင်း(လူ့အခွင့်အရေးဝန်ကြီး)နှင့်

မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ၏ကိုယ်စားလှယ်များပါဝင်သောတွေ့ဆုံဆွေးနွေးမှုတရပ်ကိုဇွန်လ၁၉ရက်စနေနေ့တွင်ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင်ဒုသမ္မတကြီးမှ NUGအနေဖြင့် တော်လှန်ရေးတွင် MMMCC မှတအပ်တအားပါဝင်လာမည်ကိုယုံကြည်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသူဝန်ကြီးတဦးချင်းစီမှဘုံရန်သူဖြစ်သော စစ်အာဏာရှင်ကို ညီညီညွတ်ညွတ်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊
မတူကွဲပြားသောအသိုင်းအဝိုင်းများအကြား ယုံကြည်မှုကိုတည်ဆောက်ရင်း အတွေးအခေါ်ဟောင်းများကိုရဲရဲဖယ်ချပြီးအယူအဆသစ်၊အတွေးခေါ်သစ်များဖြင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အမှာစကားများကိုပြောကြားခဲ့ကြသည်။

MMMCC ကိုယ်စားလှယ်တယောက်မှ NUG အစိုးရအနေဖြင့် ရိုဟင်ဂျာမူဝါဒ ထုတ်ပြန်ပေးကာ လူထုဆန္ဒမပါပဲ အာဏာရှင်ဦးနေဝင်း စိတ်ကြိုက်ရေးဆွဲခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းမည်ကို ကြိုဆိုကြောင်း၊ရှင်းလင်းပြတ်သားမှုမရှိပဲ ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံရန်ရေးဆွဲထားသော ၁၉၈၂ ဥပဒေကြောင့် နစ်နာနေရသူများမှာ ရိုဟင်ဂျာတစ်မျိူးထဲမဟုတ်ပဲ အခြားသော တိုင်းရင်းသားလူနည်းစုဖြစ်တဲ့ လီဆူး နှင့် အခြားချင်းတိုင်းရင်းသား အုပ်စုငယ်များပါ၀င်နေကြောင်း တင်ပြဆွေးနွေးသွားသည်။

ရိုဟင်ဂျာခေါင်းဆောင်ကိုယ်စားလှယ်တဦးမှဆွေးနွေးရာတွင် ရိုဟင်ဂျာလူမျိုးအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုနှင့်လူသားမျိုးနွယ်တို့အပေါ် Genocide ပြစ်မှုကျုးလွန်မှုကို NUGအနေဖြင့်လက်ခံပြီးကြေညာပေးပါရန်၊ရိုဟင်ဂျာသည်ဦးနေဝင်းမတိုင်ခင်တိုင်းရင်းသားဖြစ်ကြောင်းနိုင်ငံတော်မှတ်တမ်းများတွင် ပြန်တမ်းအဖြစ်ပါရှိပါသည်။ အခြားအဖွဲ့အစည်းတခုခု၊လူတန်းစားတရပ်ရပ်ထောက်ခံမှ ရိုဟင်ဂျာတိုင်းရင်းသား၊နိုင်ငံသားဖြစ်ရမယ်ဆိုတာမျိုးမဖြစ်သင့်ကြောင်း၊ရိုဟင်ဂျာနှင့် မြန်မာမွတ်ဆလင်များသည် ၁၉၄၇ ခုဖွဲ့စည်းပုံရေးဆွဲရေးမှာပါခဲ့သလို NUG အစိုးရဖွဲ့စည်းပုံရေးဆွဲရေးမှာလည်း ကိုယ်စားလှယ်ပါဝင်ခွင့်ပြုပေးပါရန် ဆွေးနွေးသွားသည်။

ဆက်လက်၍ ရိုဟင်ဂျာကိုယ်စားလှယ်တယောက်မှ ကိုဖီအာနန်စာတမ်းရဲ့အကြံပြုချက် ၈၈ချက်မှာ ၈၁ချက်ကို အကောင်အထည်ဖော်ပြီးပြီလို့ပြောခဲ့ပေမယ့် လက်တွေ့မှာ ဘာအကျိုးခံစားခွင့်ဖြစ်တည်မှုမရှိသေးပါကြောင်း၊အဆိုးရွားဆုံးကတော့ pathway to citizen ဟာ လက်မခံနိုင်စရာတော်တော်ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ ရသင့်ရထိုက်တဲ့ နဂိုအခွင့်အရေးတွေကိုပြန်ပေးပါရန်တောင်းဆိုခြင်းနှင့် အသစ်အနေနဲ့ ဘာတခုမှတောင်းဆိုခြင်းပြုသွားမှာမဟုတ်ကြောင်း ရှင်းလင်းတင်ပြသွားခဲ့ပါတယ်။

ဒေါက်တာလှမြင့်မှနေ၍ ရိုဟင်ဂျာတွေအနေနဲ့ ဒုက္ခသည်တွေ သိက္ခါရှိရှိလုံခြုံစွာ နေရပ်ပြန်နိုင်ရေးက အရေးကြီးဆုံးဖြစ်ကြောင်း၊စစ်အာဏာရှင်တွေကို ICC၊ICJ ပိုဆောင်နိုင်ရေးလုပ်ငန်းစဥ်တွေမှာ ရိုဟင်ဂျာများအနေဖြင့် NUGကို အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်ဖြစ်ကြောင်းနှင့်အတွက်လည်း နိုင်ငံတကာရှိ အစိုးရများနှင့် ချိတ်ဆက်လုပ်ဆောင်နေပြီဖြစ်ကြောင်းကို အသိပေးပြောကြားသွားခဲ့ပါသည်။

ကိုကျော်ဝင်းမှ ဆက်လက်၍ MMMCC အနေဖြင့် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး lobby လုပ်ငန်းစဉ်တွေကို နဂိုအချိတ်အဆက်ရှိထားနှင့်ပြီးဖြစ်တဲ့ တူရကီ၊ သြစတြေးလျ၊ ဘဂ်လားဒေ့ရှ်၊မလေးရှား၊အင်ဒိုနီးရှား အစိုးရတွေကို အဓိကထားပြီး စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို အသိပေးတင်ပြသွားခဲ့ပါတယ်။

ဒေါ်မော်လီမှ မြန်မာနိုင်ငံဟာကမ္ဘာမှာ စစ်အုပ်ချုပ်ရေး အရှည်ကြာဆုံးနိုင်ငံတခုဖြစ်တယ်။ မွတ်စလင်အပါအဝင်လူနည်းစုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံဖို့ ဥပဒေအရကိုခွဲခြားထားတဲ့နိုင်ငံဖြစ်တယ်။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်သည့်နေရာမှာ အားလုံးပါဝင်နိုင်ရေးအတွက်အင်အားစုတခုဖြစ်တဲ့ NUCC မှာ မွတ်စလင်လူထု၏အသံကို တိုက်ရိုက်နားထောင်ကြားသိစေရန် ကိုယ်စားလှယ် ၂ ယောက်ပါဝင်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ် ။

မမေပုလဲမှ အနာဂတ်နိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ citizen base rights ကို အခြေခံပြီး တိုင်းရင်းသား၊နိုင်ငံသား အခွင့်အရေးကိုသွားသင့်ပါတယ်။ဒီလိုမျိုး လူနည်းစုအသံတွေ အားလုံးနားထောင်နိုင်ဖို့ NUCCမှာ MMMCCရဲ့ ကိုယ်စားလှယ်တွေပါဝင်လာဖို့ အထူးဆန္ဒရှိနေပါကြောင်းကို တင်ပြဆွေးနွေးသွားပါတယ်။
ဦးညွန့်လှမှ အခုလိုနိုင်ငံတော်အတွက် အရေးကြီးနေတဲ့အချိန်ကာလမျိုးမှာ ထောင့်ပေါင်းစုံမှလိုအပ်ချက်များကို MMMCC အနေဖြင့် NUG အစိုးရကိုထောက်ခံ၊အားပေး၊ပူးပေါင်းပါဝင်ကူညီဝန်းရံသွားမည်ဖြစ်ကြောင်းနဲ့ နိုင်ငံတနိုင်ငံ၏အသက်သွေးကြောတမျှအရေးကြီးသည့် ၊ ပြည်သူအားလုံး၏ လိုအပ်ချက်ဆန္ဒသဘောထား
နှင့် အကျိုးစီးပွားများကို အာမခံထည့်သွင်းရေးဆွဲမည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့တွင် မြန်မာမွတ်စလင်၊ရိုဟင်ဂျာ ဥပဒေရေးရာအသိပညာရှင်များ၊အတတ်ပညာရှင် ကိုယ်စားလှယ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးတောင်းဆိုသွားခဲ့ပါသည်။

ကိုမင်းသိန်းမှနေ၍ မြန်မာနိုင်ငံတွင် မွတ်စလင်အပါအဝင် အခြားသောလူနည်းစုများအပေါ်ဥပဒေပြဌာန်းပြီးတော့ကို ရည်ရွယ်ချက်ရှိရှိခွဲခြားမှုတွေဟာ ရှိနေဆဲပါပဲ။၁၉၃၅ ဂျာမဏီမှာ နူရင်ဘတ် law ကို ပြဌာန်းပြီး ဂျူးတွေကိုခွဲခြားဆက်ဆံသလိုမျိုး မြန်မာမွတ်စလင်တွေကို လူ့အသိုင်းအဝိုင်းကနေ ဖယ်ထုတ်ထားတာ ရာစုနှစ်တဝက်ကျော် ကြာခဲ့ပြီ။

နိုင်ငံပိုင်သတင်းစာကကုလားလို့ထည့်သုံးတာမျိုး၊ရိုဟင်ဂျာတွေကို ခိုးဝင်ဘဂါလီဆိုပြီးနှိမ့်ချခေါ်ဆိုတာကိုတောင် ဥပဒေအရ အကာအကွယ်မရခဲ့ပါ ။ အမေရိကမှာ နစ်ဂါဆိုတဲ့ အသုံးအနှုန်း ဂျာမဏီမှာ စီဂွိုင်းနား ဆိုတဲ့စကားလုံးကို ခွဲခြားဆက်ဆံမှုအဖြစ် ဥပဒေအရတားမြစ်ခဲ့သလို NUG အနေနဲ့ ကုလားအခေါ်အဝေါ်ကို ဥပဒေထုတ်ပြီး တားမြစ်ရန်တောင်းဆိုပါတယ်။

MMMCC နှင့် NUG အစိုးရအနေဖြင့် အခြားကျန်ရှိနေသေးသောသက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် သီးသန့်ဆွေးနွေးပွဲများထပ်မံပြုလုပ်မည့်အကြောင်းကိုCabinet meeting တွင်ဆွေးနွေးတင်ပြပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပုံမှန်အစည်းအဝေးများပြုလုပ်သွားမည်ဖြစ်ကြောင်းကို ဒေါက်တာဇော်ဝေစိုးမှ ပြန်လည်ဆွေးနွေးတင်ပြပြီးအစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *