ရန်ကုန်ရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ရုံးထုတ်စစ်ဆေး
ရန်ကုန်၊ ဇွန် ၁၇။
ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေ ဖြင့် တရားစွဲခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်အပါအဝင် လေးဦးကိုခရိုင်တရားသူကြီးက အွန်လိုင်းဗီဒီယို စနစ်ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ၎င်းတို့နှင့်အတူ တရားစွဲခံရသည့် ဒေါ်အောင်ဆန်းစုကြည်မှာမူ ရုံးထုတ်သည့်အထဲတွင် မပါဝင်ကြောင်း ရှေ့နေဒေါ်စန်းမာလာညွန့်က ဆိုသည်။
အင်းစိန်ထောင်ထဲ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မစ္စတာရှောင်တာနယ်၊ ဦးစိုးဝင်း (စီံမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) တို့ကို ယနေ့တွင် တရားခွင်၌ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်း ဗီဒီယိုစနစ်ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ တရားစွဲခံရသည့်ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရသည့် အကြောင်းရင်းကို ရှေ့နေများက မသိရပေ။
“အန်တီမပါဘူး။ ဒါပေမယ့် သူတို့ဟာသူတို့ အထဲမှာပြောတယ်လို့လည်းမပြောဘူး။ အန်တီ့ကို ချိတ်ထားတယ်လို့လည်းမပြောဘူး။ ရန်ကုန်ကလူတွေကိုပဲ ဒီနေ့မှာချိတ်ပေးတာ။ အန်တီကို ဗီဒီယိုရုံးထုတ်မှာမချိတ်ဘူးဆိုရင်တောင်သူ့ကိုပြောပြရမှာပေါ့နော်။ သူတို့ဟာသူတို့ အထဲမှာ ချိတ်လားရှင်းပြလားဆိုတာတော့ ကျွန်မလည်းမပြောတတ်ဘူး” ဟု ရှေ့နေဒေါ်စန်းမာလာညွန့်က ဆိုသည်။
မစ္စတာရှောင်တာနယ်တို့အား တရားခွင်အတွင်း အွန်လိုင်းဗီဒီယိုစနစ်ဖြင့် ရုံးထုတ်သည်ဆိုသော်လည်း တရားခွင်ကို ရောက်လာသည့် ရှေ့နေများက ၎င်းတို့ကို မမြင်တွေ့ရပေ။ တရားသူကြီးက ၎င်းဘက်သို့သာ ဗီဒီယိုဖွင့်လှစ်နေခြင်းဖြစ်သည့်အတွက် ရှေ့နေများက မတွေ့ရခြင်းဖြစ်ပြီး မစ္စတာရှောင်တာနယ်ကို ကိုယ်စားပြုသည့် ရှေ့နေတက်ရောက်လာခြင်းလည်းမရှိကြောင်း ၎င်းကဆိုသည်။
“ဒီနေ့ အငှားဖိုင်နဲ့ပဲဆိုတော့ ဘာမှအမိန့်မချဘူး။ နောက်ရုံးချိန်းကိုပဲ ၇လပိုင်း ၁ ရက်ကိုပေးလိုက်တယ်” ဟု ရှေ့နေဒေါ်စန်းမာလာညွန့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ် အပါအဝင် ငါးဦးကို စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်လတွင် ထိုအမှုတွဲဖိုင်ကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူထားသည်။
လက်ရှိ ရန်ကုန်တွင်ပြုလုပ်နေသည့် ရုံးချိန်းများကို အငှားဖိုင်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူထားသည့်အမှုတွဲနှင့်ပတ်သက်၍ ဇွန်လ ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ အထူးတရားရုံး၌ လျှောက်လဲချက် တင်သွင်းကြမည်ဖြစ်သည်။
လျှောက်လဲချက်တင်သွင်းပြီး တရားရုံးက အမိန့်ချပြီးမှသာ အမှုကို နေပြည်တော်သို့ ရွှေ့မရွှေ့သိရမည်ဖြစ်သည်။