ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားသည့် အမှုလေးမှုကို မနက်ဖြန် စတင်စစ်ဆေးမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်တွင် တရားစွဲထားသည့် အမှုငါးမှုရှိသည့် အနက် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂ခု တို့ကို နေပြည်တော်က အထူးတရားရုံး၌ စတင်စစ်ဆေးမည်ဖြစ်သည်။

အမှုများနှင့် ပတ်သက်သည့်ရားလိုပြသက်သေများကို မနက်ဖြန် တရားရုံး၌ စတင်စစ်ဆေးမည်ဖြစ်ပြီး တရားခွင်ကို ရောက်လာသည့် လိုပြသက်သေများအပေါ်မူတည်ပြီးမှသာ မည်သည့်အမှုအားစတင်စစ်ဆေးမည်ကို သိရမည်ဖြစ်သည်။

အင်္ဂါနေ့တွင်တော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ကိုစွဲဆိုထားသည့် ၅၀၅ (ခ)နှင့် ဦးဝင်းမြင့်ကိုစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေကိုစစ်ဆေးမည်ဖြစ်သည်။

နေပြည်တော်ကောင်စီရုံးဝန်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ဆေးရန် ပြုလုပ်ထားသည့် အထူးတရားရုံး၏ အတွင်းပိုင်းကိုလည်း ကျကျနနပြုပြင်မှုများပြုလုပ်ထားကြောင်း ရှေ့နေဦးကြည်ဝင်းက ဆိုသည်။

“ရုံးကတော့ အဆင်သင့်ပဲ၊ ပြင်ထားတာသေချာကျကျနနပဲ နိုင်ငံတော်တံဆိပ်ကြီးတွေရောဘာတွေရော ရိုက်ထားတာ၊ တရားခွင်ပုံစံလုပ်ထားတာပဲ၊ အိမ်တစ်အိမ်လိုလုပ်ထားတာပဲ အထဲထဲမှာ” ဟု ရှေ့နေဦးကြည်ဝင်းက ဆိုသည်။

ထို့ပြင် နေပြည်တော်နှင့် ရန်ကုန်ရှိရဲစခန်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်ထားသည့် ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်မသိရသေးသည့်အတွက် မနက်ဖြန် တရားခွင်မစတင်မီ နှစ်ဦးနှစ်ဖက် ပြောဆိုဆွေးနွေးရဦးမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေများက ဆိုသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *