မြန်မာ့အရေး အားလုံးတွေ့ဆုံဆွေးနွေး အဖြေရှာရန် အရေးတကြီး လိုအပ်နေဟု ကုလမဟာမင်းကြီးဆို
မြန်မာ့အရေးနှင့်ပတ်သက်၍ အဖြေရှာရာတွင် ဩဇာလွှမ်းမိုးနိုင်သည့် နိုင်ငံများမှ သံတမန်ရေး အားထုတ်မှုများမြှင့်တင်ရန် အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအရ ပါဝင်ပတ်သက်နေသူများနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကပြောဆိုလိုက်သည်။
မြန်မာ့တပ်မတော်အနေဖြင့် ပဋိပက္ခများအဆုံးသတ်ရန်နှင့် အတိုက်အခံအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုများစတင်ရန် အာဆီယံအဖွဲ့နှင့်အတူ ဧပြီလအတွင်းက ရရှိခဲ့သည့် ဘုံသဘောတူညီမှုအချက်ငါးချက်ကိုအကောင်အထည်ဖော်လိုသည့်ဆန္ဒကို တွေ့မြင်ရခြင်း မရှိကြောင်း ၎င်းကဆိုသည်။
အာဆီယံအဖွဲ့ကို ပေးအပ်ထားသည့် ကတိကဝတ်ပြုထားသော်လည်း တင်းမာမှုများလျှော့ချရန် ကြိုးစားအားထုတ်မှုမရှိသည်ကို တွေ့မြင်နေရကြောင်း Michelle Bachelet က ပြောဆိုသည်။
ယင်းသို့သော အခြေအနေများအား ရပ်တန့်နိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာတာဝန်ရှိသူများကို တောင်းဆိုရန်အတွက် စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ထိန်းသိမ်းခံထားရသူများနှင့်ပတ်သက်၍လည်း လွန်စွာစိုးရိမ်ပူပန်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။
သတင်း – သန့်မျိုး
ဓာတ်ပုံ – Reuters