အိမ်နှင့် မိသားစုပိုင်လုပ်ငန်းကို ချိတ်ပိတ်တာက တော်လှန်ရေးတွင် အသက်ပေးသူများနှင့်ယှဉ်လျှင် မပြောပ့လောက်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌကိုမင်းဟန်ထက် ပြောကြား

အိမ်နှင့် မိသားစုပိုင်လုပ်ငန်းကို ချိတ်ပိတ်တာက တော်လှန်ရေးတွင် အသက်ပေးသူများနှင့်ယှဉ်လျှင် မပြောပ့လောက်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌကိုမင်းဟန်ထက် ပြောကြား

အိမ်နှင့် မိသားစုပိုင်လုပ်ငန်းကို ချိတ်ပိတ်တာက တော်လှန်ရေးတွင် အသက်ပေးသူတွေနဲ့ယှဉ်ပါက ဘာမှမဟုတ်သေးဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌကိုမင်းဟန်ထက် က၎င်းရဲ့လူမှုကွန်ယက်ပေါ်မှာရေးသားထားပါတယ်။

“ခြံ၊ အိမ်နဲ့ မိသားစုပိုင်လုပ်ငန်းကို ချိတ်ပိတ်လိုက်ပါတယ်တဲ့။ပါပါးက အရင်တုန်းက မကြာခဏပြောတယ်၊ “မင်းဘွဲ့မြန်မြန်ယူတော့၊ ပြီးရင် လုပ်ငန်းတွေ မင်းကိုလွှဲချင်ပြီ၊ ငါစိတ်ဖိစီးမှုများတာတွေ မလုပ်ချင်တော့ဘူး၊ အနားယူချင်ပြီ” တဲ့။

ဒီကာလမှာတော့ ကျနော် ယုံကြည်တာတွေ ကျနော်လုပ်ရင်း မိသားစုအပေါ် ထိခတ်မှုတွေက အတော်များခဲ့ပါတယ်၊ ၁၀ တန်းတုန်းက ပေပေတေတေနေတဲ့ ကျနော့်ကို ဘော်ဒါဆောင်ထားဖို့ ဝိုင်းတိုက်တွန်းကြတော့ မေမေက “ပါပါးကလည်း ကျန်းမာရေးသိပ်မကောင်းဘူး၊ ဒီသားတစ်ယောက်တည်းရှိတာ၊ သားကို မိသားစုနဲ့ခွဲမထားချင်ဘူး” ဆိုပြီး မိသားစုနဲ့တောင် ခွဲမထားခဲ့ဘူး။

အခု ပါပါးရော၊ မေမေရာ အိုးအိမ်ကိုထားပြီး အဝေးတစ်နေရာ ရောက်နေတယ်၊ ကျနော်ကလည်း သူတို့နဲ့ဝေးတဲ့ တစ်နေရာမှာ။ လုံခြုံရေးအခြေအနေကြောင့် သူတို့ဘယ်ရောက်လဲ၊ ကျနော်ဘယ်ရောက်နေလဲဆိုတာတောင် တစ်ယောက်နဲ့တစ်ယောက် ပေးမသိထားကြဘူး။

အိမ်နဲ့ ခြံကလည်း အာဏာရူးတွေရဲ့ လက်ထဲရောက်နေပြီ။ ဒါပေမယ့် သူတို့ စိတ်မပျက်သွားခဲ့ဘူး၊ ကျနော့်ကိုတောင် လှမ်းအားပေးလိုက်သေးတယ်၊ ‘စိတ်မပျက်သွားနဲ့တဲ့၊ လုပ်စရာရှိတာဆက်လုပ်တဲ့’။ ဒီကိစ္စတွေက ဒီတော်လှန်ရေးမှာ အသက်တောင်ပေးခဲ့ရတဲ့သူတွေ၊ ဘဝတောင်ပေးခဲ့ရတဲ့သူတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးပါဘူး။

အသက်ပေးခဲ့ရပြီးတဲ့သူတွေ၊ ဘဝပေးခဲ့ရတဲ့သူတွေ၊ အကျဉ်းထောင်တွေထဲ၊ တောထဲ တောင်ထဲမျာ ကိုယ်ကျိုးစွန့်နေကြသူတွေအတွက် ပြည်သူတစ်ဦးတစ်ယောက်ကမှ သွေးမအေးကြပါနဲ့၊ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဆက်ပြီး တော်လှန်ရေးမှာ ပါဝင်ပေးပါ။ ဒီတော်လှန်ရေးမှ မနိုင်ရင် တချို့ဘဝတွေက ပျက်သွားပြီ၊ အဓိပ္ပါယ်မဲ့သွားပြီဆိုတာ သတိရပေးကြပါ။ ကျနော်တို့မှာ နောက်ဆုတ်စရာ မရှိတော့ပါဘူး၊ အဆုံးထိ ဆက်တိုးကြစို့ရဲ့…။” လို့ရေးသားထားပါတယ်။

စစ်ကောင်စီတပ်တွေက ဇွန်လ ၈ရက်က ကိုမင်းဟန်ထက်နေအိမ်ကို ရှာဖွေခဲ့ပြီး ဇွန်လ ၉ရက်နေ့မှာ ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *