ဂျူဗင်တပ်အသင်း၏ ရာသီသစ်အပေါ်ဝတ် ဂျာကင်မိတ်ဆက်ကြော်ငြာတွင် မြန်မာမော်ဒယ် မေမြတ်နိုး ပါဝင်
အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်း လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ်မှာ ဝတ်ဆင်မယ့်အပေါ်ဝတ် ဂျာကင်အင်္ကျီကို မိတ်ဆက်ကြော်ငြာခဲ့ရာမှာ မြန်မာမော်ဒယ်တစ်ဦးဖြစ်တဲ့ မေမြတ်နိုး ပါဝင်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ပလပ်စတစ်ညစ်ညမ်းမှုကို ကာကွယ်ဖို့ Polyester အသုံးပြု ချုပ်လုပ်ထားပြီး Polyester ၆၇ ရာခိုင်နှုန်း၊ ဝါဂွမ်း ၃၃ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ အင်္ကျီဖြစ်ကြောင်း ဂျူဗင်တပ်နဲ့ အာကစားဝတ်စုံဆိုင်ရာ စပွန်ဆာစာချုပ် ချုပ်ဆိုထားတဲ့ အက်ဒီးဒတ်စ်က သတင်းထုတ်ပြန်ထားပါတယ်။
ဂျူဗင်တပ်ဟာ လာမယ့်ရာသီသစ်မှာ ဝတ်ဆင်မယ့် အားကစားဝတ်စုံတွေကို အသင်းကစားသမားတွေနဲ့အတူ နာမည်ကြီးမော်ဒယ်တစ်ချို့ကိုပါ ခေါ်ယူမိတ်ဆက်ခဲ့ပြီး အဲ့ဒီမော်ဒယ်တွေထဲမှာ မေမြတ်နိုးကလည်း တစ်ဦး အပါအဝင်ဖြစ်ခဲ့ပါတယ်။
အက်ဒီးဒတ်စ် အားကစားအသုံးအဆောင် ထုတ်လုပ်ရေးလုပ်ငန်းစုဟာ မေမြတ်နိုးနဲ့မိတ်ဆက်ကြော်ငြာခဲ့တဲ့ အပေါ်ဝတ်ဂျာကင်အင်္ကျီကို ယူရို ၉၀ တန်ကြေးသတ်မှတ်ပြီး ရောင်းချသွားဖို့ ရှိနေပါတယ်။
မေမြတ်နိုးဟာ လက်ရှိမှာတော့ အီတလီဖက်ရှင်လောကအတွင်း အောင်မြင်မှုတွေ စတင်ရရှိနေပြီဖြစ်ပြီး ကုန်ပစ္စည်း ကြော်ငြာတချို့နဲ့ ဓာတ်ပုံရိုက်ကူးမှုတချို့ကို လက်ခံဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ပါတယ်။
သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – Juventus Store Official Website