မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေအပေါ်မှာ အာဆီယံအပါအဝင် နိုင်ငံတကာက နှုတ်ဆိတ်နေတယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့က အာဆီယံအထူးကိုယ်စားလှယ် ၂ ဦး နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၇ ရက် မနေ့က ကျင်းပခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းမှာ နေ့စဉ်ဖြစ်နေတဲ့ ဒီပေါက်ကွဲမှုတွေကို အမျိုးသားညီညွတ်ရေး အစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH တို့နဲ့ ဆက်စပ်သူတွေက လုပ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲနေတာပါ။
CRPH နဲ့ NUG ကတော့ ဒီလို အကြမ်းဖောက်ခွဲမှုတွေဟာ သူတို့နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ကြေညာထားပါတယ်။
ဧပြီ ၂၄ ရက်နေ့ကအင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာမြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အပါအဝင် ဘုံသဘောတူညီချက် ၅ ချက် ရရှိထားတာဖြစ်ပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်း အရ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မေလကုန်ပိုင်းအထိ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ ပေါက်ကွဲမှု အကြိမ်ပေါင်း ၃၀၀ ကျော်ရှိခဲ့ပါတယ်။