အာဆီယံတောင်းဆိုသည့်အချက်များအား စစ်ကောင်စီ လက်မခံ၊ ကိုယ်ပိုင်မူ ၅ ချက်ဖြင့် ဒီမိုကရေစီဖေါ်ဆောင်နေဟု ဝဏ္ဏမောင်လွင် ဘုကန့်လန့်ပြော
ကိုယ်ပိုင် လမ်းပြမြေပုံ ၅ ချက်နဲ့ စစ်မှန်တဲ့ဒီမိုကရေစီရရှိရေးကို ဖေါ်ဆောင်နေပါတယ်လို့ စကစအုပ်စုကိုယ်စားလှယ် ဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံ Chongqing မြို့မှာကျင်းပနေတဲ့ ASEAN-China အထူးဆွေးနွေးပွဲမှာပြောပါတယ်။
ဒီသတင်းကို Global New Light Of Myanmar က ဖေါ်ပြထားပါတယ်။“စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကိုဖေါ်ဆောင်ဖို့ဆိုရင် ဖေဖေါ်ဝါရီမှာ ကြေညာထားတဲ့ လမ်းပြမြေပုံ ၅ချက်အတိုင်း ဆောင်ရွက်မှဖြစ်မယ်” လို့ ဝဏ္ဏမောင်လွင်က အဲဒီအစည်းအဝေးမှာ တင်ပြခဲပါတယ်။
အဲဒီ ၅ ချက်ထဲက အဓိကအချက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မှားယွင်းမှုတွေရှိခဲ့တယ်ဆိုပြီးရွေးကောက်ပွဲကော်မရှင်းအသစ်ဖွဲ့ကာ ရွေးကောက်ပွဲအသစ် ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွဲပေးရေးဖြစ်တယ်လို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီး Vivian Balakrishnan က အာဆီယံရဲ့တောင်းဆိုချက်အပေါ် မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုနှေးလွန်း နေတာကြောင့် စိတ်ပျက်မိတယ်လို့ဆိုပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် တိုးတက်မှုက အလွန့်အလွန်ကို နှေးလွန်းတဲ့အတွက် စိတ်ပျက်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မလွတ်ပေးသေးဘူး။ အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးညှိနိုင်းမှုတွေလုပ်မဲ့ သင်္ကေတလည်း မပြသေးပါဘူး” လို့ စင်ကာပူဝန်ကြီး Balakrishnan က ဝေဖန်ပြောဆိုပါတယ်။