မြန်မာ့စားနပ်ရိက္ခာအကျပ်အတည်း ဖြေရှင်းရန် ဂျပန်အစိုးရက WFP အား အမေရိကန် ဒေါ်လာ လေးသန်းလှူဒါန်း

မြန်မာနိုင်ငံ၌ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရုန်းကန်နေကြရသော မိသားစုများကို ထောက်ပံ့ကူညီရန် ဂျပန်အစိုးရက WFP မှတစ်ဆင့် အမေရိကန်ဒေါ်လာ လေးသန်းလှူဒါန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က ပူးတွဲထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံအစိုးရ၏ လှူဒါန်းပံ့ပိုးမှုဖြင့် WFP သည် ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေပေါင်း ၆၀၀,၀၀၀ ဝန်းကျင်အား ကူညီထောက်ပံ့နိုင်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားငည်။

ထောက်ပံ့ပေးမည့် စားနပ်ရိက္ခာများကို ထိခိုက်လွယ်သောမိသားစုများ၏ လက်ဝယ်သို့အရောက် တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါ အထောက်အပံ့သည် WFP ၏ စီမံကိန်းသစ်ဖြစ်သော မြန်မာနိုင်ငံ မြို့ပြဒေသများရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံး မြို့နယ်များတွင်နေထိုင်သူ လူဦးရေ နှစ်သန်း အတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးမည့်အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဆိုသည်။

ထို့အတွက် စားနပ်ရိက္ခာ အထောက်အပံ့များကို မေ ၁၃ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ စတင်ကာ ဖြန့်ဖြူးပေးဝေလျက်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၌ နဂိုရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ COVID-19 ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းတို့၏ ဆင့်ကဲရိုက်ခတ်မှုကြောင့် လာမည့်ခြောက်လအတွင်း လူဦးရေ ၃ ဒသမ ၄ သန်း အဓိကအားဖြင့် မြို့ပြဒေသ၌ နေထိုင်ကြသူများသည် စားနပ်ရိက္ခာအခက်အခဲကို ရင်ဆိုင်ကြရလိမ့်မည်ဟု WFP ကခန့်မှန်းထားသည်။

ထို့အပြင် ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူပြည်သားများက မြန်မာပြည်သူလူထုနှင့် အတူဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ- Embassy of Japan in Myanmar

Leave a Reply

Your email address will not be published.