ယနေ့ရုပ်ရှင်အစည်းအရုံးမှ နုတ်ထွက်ခဲ့ကြသည့် အနှပညာရှင်များ
ဇွန် ၅ ၊ ၂၀၂၁ ။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဇွန်လ ၄ ရက်နေ့က သရုပ်ဆောင် ခန့်စည်သူအား အစည်းအရုံး ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ပြီးနောက်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ စတီးလ်တို့ အပါအဝင်အနုပညာရှင်အချို့ ရုပ်ရှင်အစည်းအရုံးကနေ နုတ်ထွက်ခဲ့ကြပါတယ်။
“အကြောင်းအရာ တချို့ကြောင့် အစည်းအရုံးဝင်အဖြစ်မှ ထွက်သည်”လို့ ဒါရိုက်တာ ကိုပေါက်က ဆိုပြီး၊ မင်းမော်ကွန်းကလည်း “မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် အဖြစ်မှ နုတ်ထွက်ပါသည်”လို့ ပြောထားပါတယ်။
အဲဒီနောက် ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)၊ သရုပ်ဆောင် ဇော်ဦး၊ ချမ်းမေမြတ်နိုး၊ မေမြတ်နိုး၊ နှိုင်းယှဉ်မြင့်မိုရ်၊ဟာသ သရုပ်ဆောင် ဆင်မ၊ ကိုဘင်းတို့က နုတ်ထွက်ကြောင်း အသီးသီး တင်ထားကြပါတယ်။
မော်ဒယ် မေမြတ်နိုးက “ပြည်သူတွေနဲ့ တသားတည်း မရှိသော ဥက္ကဋ္ဌရဲ့ အစည်းအရုံးမှာ မပါဝင်လိုပါ”လို့ပြောထားပါတယ်။
ဒါရိုက်တာ သည်ခေတ်နေကလည်း စစ်အာဏာသိမ်းမှု စတင်ကတည်းက မယုံကြည်တော့တဲ့ အစည်းအရုံးဝင်အဖြစ်ကနေ နုတ်ထွက်ထားတယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် အဖြစ်မှ ကျမတို့ သားအဖ သုံးယောက်လုံး နုတ်ထွက်ပါသည်”လို့သရုပ်ဆောင် သဇင်ထူးမြင့်၊ နေရဲနဲ့ ခင်လှိုင်တို့ သားအဖက ရေးသားတင်ထားပါတယ်။
မြန်မာနိုင်ငံမှ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင်အချို့အား စစ်ကောင်စီမှ ပုဒ်မ ၅၀၅–က ဖြင့် လိုက်လံဖမ်းဆီးမှုများ ရှိနေပြီး၊ ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ အနုပညာရှင်ပေါင်း ၁၀၀ ကျော် ရှိနေပါတယ်။