Community Standard နှင့်မညီသည့် Trump ရဲ့ Facebook ၂ နှစ် Ban ခံရ
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အင်တာနက် လူမှုကွန်ရက် အကောင့်ကို အနည်းဆုံး ၂ နှစ် ပိတ်ထားမယ့်အကြောင်း Facebook က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ လူထိခိုက်တဲ့အထိ ဖြစ်ခဲ့တဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ဇန်နဝါရီလ ၆ ရက်နေ့က စီးနင်းတိုက်ခိုက်မှုမှာ သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုပြီး Facebook က သမ္မတဟောင်း Trump အကောင့်ကို ပိတ်ထားတာပါ။
၂ နှစ်ကြာ တားမြစ်ချက် ကုန်ဆုံးတဲ့အခါ၊ အများပြည်သူကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် လျော့ပါးခြင်း ရှိမရှိကျွမ်းကျင်သူတွေ ပြန်လည်သုံးသပ်ပြီး အကောင့်ကို ပြန်ဖွင့်သင့်မသင့် ဆုံးဖြတ်မှာ ဖြစ်ကြောင်းလည်း Facebook ရဲ့ ဒုဥက္ကဋ္ဌ Nick Clegg က ဘလောဂ် စာမျက်နှာမှာ ပြောဆိုခဲ့ပါတယ်။ သမ္မတ ရွေးကောက်ပွဲမှာ Joe Biden အနိုင်ရကြောင်း လွှတ်တော်က အတည်ပြုပေးမယ့် အစီအစဉ်ကို ဟန့်တားဖို့ ဝါရှင်တန်မြို့တော်အထိ ချီတက်ပြီး၊ အသေအကျေ တိုက်ပွဲ၀င်ကြဖို့ ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေကို မိန့်ခွန်းပြောအပြီးမှာပဲ လွှတ်တော်ကို ဆန္ဒပြသူတွေအတင်း၀င်ရောက် စီးနင်းခဲ့ကြတာပါ။ လွှတ်တော်ကို စီးနင်းမှုအတွင်း ဗဟိုအစိုးရ ရဲတပ်ဖွဲ့၀င် တဦးအပါအ၀င် လူ၅ ဦး သေဆုံးခဲ့ရပါတယ်။ Facebook ရဲ့ ဆုံးဖြတ်ချက်အရ သမ္မတဟောင်း Trump အပေါ် ပိတ်ပင် ကန့်သတ်ချက်တွေဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ကြမှ သက်တမ်းကုန်ဆုံးမှာပါ။
Facebook ရဲ့ တားမြစ်ချက်ကြောင့် ၂၀၂၂ ခုနှစ် နို၀င်ဘာလ သက်တမ်း၀က် လွှတ်တော် ရွေးကောက်ပွဲတွေမှာတော့သမ္မတဟောင်းရဲ့ သြဇာအရှိန်အဝါအပေါ် အကန့်အသတ် ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း နောက်တကြိမ် သမ္မတအဖြစ် အရွေးခံဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်တဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ ကန့်သတ်ချက်သက်တမ်း ကုန်ဆုံးမှာပါ။ Facebook က ၂ နှစ်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာတော့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့သန်းနဲ့ချီတဲ့ ပြည်သူတွေကို စော်ကားတဲ့ လုပ်ရပ်အဖြစ် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။