မြန်မာ့အရေးပါ ထည့်သွင်းဆွေးနွေးမယ့် အာဆီယံ – အမေရိကန် အွန်လိုင်းအစည်းအဝေးကို နည်းပညာအခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရ

မြန်မာ့အရေးပါ ထည့်သွင်းဆွေးနွေးမယ့် အာဆီယံအမေရိကန် အွန်လိုင်းအစည်းအဝေးကို နည်းပညာအခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရ

မေ ၃၁

အာဆီယံအမေရိကန် သံတမန်ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးမယ့် အွန်လိုင်းအစည်းအဝေးပွဲတရပ်ကို အင်္ဂါနေ့မှာ ကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် နည်းပညာအခက်အခဲအကြောင်းပြချက်နဲ့ ရွှေ့ဆိုင်းခဲ့ရတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေအရ သိရပါတယ်။

အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင် နဲ့အင်္ဂါနေ့ မနက်ခင်းပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အရှေ့အလယ်ပိုင်းဒေသကိုဦးတည်နေတဲ့ လေယာဉ်တစင်းပေါ်မှာ

ရှိနေခဲ့ပြီး ဆက်သွယ်ရေးဆိုင်ရာချို့ယွင်းချက်ကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

နောက်ထပ် အစည်းအဝေး ပြန်လည်ကျင်းပမယ့် နေ့ရက်ကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။

နှစ်ဘက်သံတမန်တွေတွေ့ဆုံမယ့် အွန်လိုင်းအစည်းအဝေးမှာ မြန်မာ့အရေးအပါအဝင် အမေရိကန်အာဆီယံဆက်ဆံရေး တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ခိုင်မာတောင့်တင်းလာမှု စတဲ့ကိစ္စတွေကို ဆွေးနွေးဖို့စီစဉ်ထားပါတယ်။

ဖေဖော်ဝါရီ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်တွေအပါအဝင် အာဏာသိမ်းမှုထောက်ခံသူတချို့ကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံမှုပြုလုပ်ဖို့ အမေရိကန်ဘက်က ကြိုးစားခဲ့ပေမယ့် မြန်မာအပါအဝင် အာဆီယံခေါင်းဆောင်တွေက အမေရိကန်ရဲ့အားထုတ်မှုကို သတိကြီးကြီးထားနေကြပါတယ်။

နည်းပညာပိုင်းဆိုင်ရာအခက်အခဲကြောင့် ပထမဆုံးအကြိမ်ပြုလုပ်မယ့် အာဆီယံအမေရိကန် အစည်းအဝေးကိုရွှေ့ဆိုင်းလိုက်ရပေမယ့် ပြန်လည်ကျင်းပမယ့်အချိန်မှာတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဖြေတစုံတရာ ထွက်ကောင်းထွက်လာနိုင်ပါတယ်။

Ref:thejakartapost

Photo:AFP

Leave a Reply

Your email address will not be published. Required fields are marked *