NUGကို အသိအမှတ်ပြုပေးဖို့ ကိုရီးယားတရားရေးဝန်ကြီးအားတောင်းဆို

NUGကို အသိအမှတ်ပြုပေးဖို့ ကိုရီးယားတရားရေးဝန်ကြီးအားတောင်းဆို

မေလ ၂၈ မနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၏ တရားရေးဝန်ကြီး
ဘဘောင်ဂဲ့နှင့် အဖွဲ့သည် အင်ချွန်း ဘူဖြောင်းရှိ မြန်မာဆိုင်များနှင့် ဘုန်းကြီးကျောင်းသို့ လာရောက်လေ့လာကာ Maskများ လှူဒါန်းခြင်းနှင့် ကိုဗစ်ကာကွယ်ရေး လမ်းညွှန် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်။

ထို့နောက် အင်ချွန်း ဘူဖြောင်း အုပ်ချုပ်ရေးရုံးတွင် ကိုဗစ်19ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် ကွင်းဆင်းလေ့လာ ဆွေးနွေးပွဲအား ဆက်လက် ကျင်းပ ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)မှ တာဝန်ရှိသူနှင့် မြန်မာနိုင်ငံသားများ တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တရားရေးဝန်ကြီးက မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအား ထောက်ခံကြောင်း၊ မြန်မာပြည် ငြိမ်းချမ်းရေးပြန်လည်ရရှိရေး အထူး မျှော်လင့်ကြောင်း၊ တရားရေးဝန်ကြီးဌာနသည် မတ်လ၁၅ရက်နေ့က ကိုရီးယားရှိ မြန်မာများအတွက် အထူးနေထိုင်ခွင့်အား ခွင့်ပြုပေးခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

အထူးနေထိုင်ခွင့်ဟူသည် မြန်မာပြည်တွင်း နိုင်ငံရေးအခြေအနေများကြောင့် ကိုရီးယားတွင် ဗီစာမဲ့နေထိုင်သည့်မြန်မာများအား အတင်းအကြပ် ပြန်မပို့ခြင်း၊ ဆက်လက်နေထိုင်လိုသူများအတွက် နေထိုင်ခွင့် သက်တမ်းတိုးပေးခြင်းတို့ ဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်လာကြသည့် မြန်မာများကလည်း အကြမ်းဖက် အာဏာသိမ်းစစ်တပ်၏ အပြုအမူများသည် ခွင့်လွှတ်နိုင်စရာ မရှိကြောင်း၊ ကိုရီးယားအစိုးရအနေဖြင့် မြန်မာNUGအစိုးရအား တရားဝင်မြန်မာအစိုးရ အဖြစ် အသိအမှတ် ပြုစေလိုကြောင်း၊ အကြမ်းဖက်စစ်တပ်ဒဏ်ကြောင့် ဒုက္ခရောက်နေကြသည့် မြန်မာပြည်သူများအား လူသားချင်းစာနာသည့် အကူအညီများ ပေးစေလိုကြောင်းနှင့် ကိုရီးယားရောက်မြန်မာများ၏ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများအား စုံလင်စွာ ရှင်းလင်းပြောပြခဲ့သည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခက်အခဲများအား ထိရောက်စွာ ဖြေရှင်းနိုင်ရန် ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနနှင့် မြန်မာအဖွဲ့အစည်းများ အကြား ဆက်သွယ်နိုင်မည့် ကွန်ရက်တစ်ခု ထားရှိပေးရန် တင်ပြခဲ့ရာ
ဝန်ကြီးမှ အဆိုပါအကြံပြုချက်အား အကောင်အထည်ဖော်ရန် တာဝန်ရှိသူများအား ချက်ချင်း တာဝန်ပေးခဲ့ကြောင်း သိရှိရသည်။

ဝန်ကြီးမှလည်း နိုင်ငံခြားသား မည်သူမဆို ဗီစာရှိဖို့ မလိုပဲ အခမဲ့ ကိုဗစ်စစ်ဆေးနိုင်တာကြောင့် ကိုရီးယားအနှံ့ရှိ မြန်မာနိုင်ငံသားများအား ကိုဗစ်စစ်ဆေးကြဖို့ နှိုးဆော်ပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

သတင်း။ စိုးမိုးသူ
ဓာတ်ပုံ။ crd

Leave a Reply

Your email address will not be published. Required fields are marked *