ဂျပန်က ဗီဇာသက်တမ်းကုန်ဆုံးသွားသည့် မြန်မာ ကျောင်းသားများနှင့် အလုပ်သင်များကို နေထိုင်ခွင့်ဆက်လက်ပေးမည်
တိုကျို၊ မေ ၂၈
ဖေဖေါ်ဝါရီတွင်အာဏာသိမ်းပြီးနောက် မြန်မာ၏အဖက်ဖက်မှယိုယွင်းပျက်စီးလာသော နိုင်ငံရေးအခြေအနေများကြောင့် ဂျပန်၌တရားဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသားများကို ၎င်းတို့၏ ဗီဇာသက်တမ်းကုန်ဆုံးသွားခဲ့ရင်တောင်မှ ဂျပန်တွင်ဆက်လက်နေထိုင်ခွင့်ပေးမည် ဖြစ်သည်။
ဤကင်းလွတ်ခွင့်သည် ပြည်တော်ပြန်ဖို့ခက်ခဲနေသော ကျောင်းသားများနှင့် ပညာရပ်ဆိုင်ရာ အလုပ်သင်များအတွက် အကြုံးဝင်မည်ဖြစ်သည်။ ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနမှ လွှတ်တော်သို့ ဗုဒ္ဓဟူးနေ့ (မေ ၂၆) ကအကြံပြုတင်ပြထားသောအစီအစဉ်နှင့်အညီ ၎င်းတို့သည် ဂျပန်တွင် နောက်ထပ် ၆ လ (သို့) ၁၂ လ ထပ်မံ၍ပညာသင်ရန် (သို့) အလုပ်လုပ်ရန် ရွေးချယ်နိုင်သည်။
အကယ်၍ မြန်မာ၌နိုင်ငံရေးအခြေအနေများ တိုးတက်ကောင်းမွန်လာခြင်းမရှိလျှင် အထက်ပါကင်းလွတ်ခွင့်၌အကြုံးဝင်သော မြန်မာနိုင်ငံသားများသည် ၎င်းတို့၏နေထိုင်ခွင့်ကို သက်တမ်းတိုးထပ်မံလျှောက်ထားနိုင်ပါသည်။
ဂျပန်သည် ဒုက္ခသည်များ နှင့် ဂျပန် ၌ နေထိုင်အလုပ်လုပ်ကိုင်ရန်၊ ပညာသင်ကြားရန် လျှောက်ထားမှုများကို အရှိန်တိုးစစ်ဆေးသွားမည်ဖြစ်သည်။
ဒီမိုကရေစီရေးဆန္ဒပြလှုပ်ရှားသူများကို စစ်တပ်၏နှိမ်နင်းဖြိုခွဲမှုအပေါ် ဆန့်ကျင်ရှုတ်ချခဲ့သော တိုကျိုရှိ မြန်မာသံအမတ် နှစ်ဦးကို မြန်မာအာဏာသိမ်းစစ်အုပ်စုက အလုပ်ဖြုတ်ပစ်ခဲ့သည်။ ဂျပန်အစိုးရသည် ထိုကဲ့သို့သောကျွမ်းကျင်အတတ်ပညာရှင်များကိုလည်း သံတမန်ဗီဇာကိုခွင့်ပြုနိုင်ဖို့ နည်းလမ်းရှာဖွေလျှက်ရှိသည်။
ဂျပန် လူဝင်မှုကြီးကြပ်ရေးဌာန က ထုတ်ဝေသော ကနဦးအချက်အလက်များအရ ၂၀၂၀ အကုန်တွင် ဂျပန်၌နေထိုင်လျှက်ရှိသော မြန်မာနိုင်ငံသား ၃၅,၀၄၉ ဦး ရှိပါသည်။ မတ်လအကုန်တွင် ဂျပန်၌ နိုင်ငံရေးခိုလှုံခွင့်တောင်းသူမြန်မာနိုင်ငံသား စုစုပေါင်း ၂,၉၄၄ ဦးရှိသည်။
Burma Associated Press