စစ်ဘေးရှောင်တိုင်းရင်းသားတွေရဲ့ လေးစားစရာကောင်းလွန်းတဲ့ အပြုအမူတစ်ခုကို ဂုဏ်ယူစွာနဲ့ဖွင့်ဟခဲ့တဲ့ဆရာဝန်မလေးတစ်ဦး

တိုင်းရင်းသားတွေဟာ တစ်ဘဝလုံးနီးပါး စစ်ဘေးရှောင်ရင်းဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ပြည်မကလူတွေဟာလက်ရှိအချိန်မှာတော့ တိုင်းရင်းသားတွေရဲ့ ခက်ခဲစွာဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကို ကိုယ်ချင်းစာပြီး တတ်နိုင်သမျှထောက်ပံ့မှုတွေလုပ်ပေးကြပါတယ်။ မန္တလေးက ပရဟိတဆရာဝန်မလေး ငြိမ်းငြိမ်းဟာ မန္တလေးမှာ စတင်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့စဉ်ကစပြီး ဒဏ်ရာရလူနာတွေကို ကုသပေးသလို လက်ရှိအချိန်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးဖို့ တိုင်းရင်းသားဒေသတွေကို သွားရောက်ပြီး ကိုယ်ကျိုးစွန့်ကာ ကူညီပေးနေခဲ့ပါတယ်။

ကိုယ်တတ်ထားတဲ့ပညာကို အကျိုးရှိရှိအသုံးချပြီး အများအကျိုးအတွက် ကိုယ်ကျိုးစွန့်တဲ့သူမို့ ပြည်သူတွေရဲ့မေတ္တာကို အပြည့်အဝရထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေသာတဲ့အချိန် စစ်ရှောင်စခန်းချက်ပြုတ်ရေးအတွက် ထင်းစုဆောင်းတဲ့အချိန်မှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို နားနားနေနေ နေခိုင်းခဲ့ပေမယ့် သူတို့လည်း ထမင်းစားနေတာကြောင့် ကူညီရမယ်ဆိုတဲ့ စကားလေးနဲ့ ဝိုင်းဝန်းကူညီခဲ့တဲ့ ကြည်နူးဖွယ်ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

ဒီလိုစိတ်ထားဖြူစင်ပြီး အချောင်မခိုတတ်ဘဲ ကိုယ့်တာဝန်ကိုယ်သိတဲ့ လူတွေဟာ စစ်ဘေးရှောင်ဘဝနဲ့ ပြေးလွှားပုန်းအောင်းနေရတာ တွေးကြည့်ရင် ရင်နာစရာကောင်းလွန်း ပါတယ်။ မငြိမ်းနိုင်တဲ့ စစ်မီးဟာ နှစ်ပေါင်းများစွာကြာလာခဲ့ပြီဖြစ်ပြီး တိုင်းရင်းသားတွေဟာလည်း မြေစာပင်ဘဝကနေ မလွတ်မြောက်နိုင်သေးပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်လာရင်တော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ အမှန်တကယ်ဖြစ်လာမယ်လို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *