ကိုရီးယားလွှတ်တော်အစည်းအဝေးတွင် မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အစိုးရနှင့်လွှတ်တော်မှ လက်တွေ့ကျသည့် ကူညီမှုများပေးရန် တောင်းဆို

မေ၂၅ရက် တောင်ကိုရီးယားနိုင်ငံ လက်ရှိ အာဏာရ ဒေါဘူးလောမင်းဂျူးပါတီ၏ လွှတ်တော်အမတ် ဘာ့ယောင်ဆွန်းမှ မေလ၂၁ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အစိုးရနှင့်လွှတ်တော်မှ လက်တွေ့ကျသည့် ကူညီမှုများပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

လွှတ်တော်အမတ်ဘာ့ယောင်ဆွန်းက ကိုရီးယားအစိုးရနှင့် လွှတ်တော်သည် NUGအစိုးရအား မြန်မာအစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုပေးရန်နှင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှတ်နှံနေသည့် တောင်ကိုရီးယားလုပ်ငန်းရှင်များပိုင် ကုမ္ပဏီများကိုလည်း မြန်မာ့ဒီမိုကရေစီရရှိသည်အထိ ရင်းနှီးမြှတ်နှံမှုများ ရပ်ဆိုင်းထားဖို့ အစိုးရမှ ကိုင်တွယ်ပေးရန်လည်း ‌တောင်းဆိုခဲ့သည်။

ထို့ပြင် ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် မြန်မာ့စီးပွားရေးသည် အာဏာသိမ်းမှုကြောင့် ပိုမိုချို့ယွင်းလာခဲ့ရပြီး မကြာမီ ပြည်သူအများ အငတ်ဘေးကြုံတွေ့နိုင်သည်အထိ အခြေအနေများ ဆိုးဝါးလာနေကြောင်း၊
ထို့ကြောင့် မြန်မာနိုင်ငံသားများအား လူသားချင်းစာနာသည့် ကူညီထောက်ပံ့ပေးမှုများကို ထိရောက်စွာ ဆောင်ရွက်ပေးဖို့၊မြန်မာပြည်အတွက် ODAရာထားငွေများကိုလည်း စစ်ဘေးရှောင်များအတွက် ထိရောက်စွာ အသုံးပြုပေးဖို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အမတ်ဘာ့ယောင်ဆွန်းသည် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မြန်မာ့ဒီမိုကရေစီအား ထောက်ခံသည့် လွှတ်တော်၏ ကြေညာချက် ထုတ်ပြန်နိုင်ရေးတွင်လည်း ဦးဆောင်ခဲ့သူဖြစ်သည်။

လွှတ်တော်အမတ်ဘာ့ယောင်ဆွန်းက မြန်မာနိုင်ငံသားများသည် တောင်ကိုရီးယားနိုင်ငံ၏ ထောက်ခံမှုကြောင့် ခွန်အားများ ရရှိနေကြပြီး တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီတိုက်ပွဲအောင်မြင်မှုနှင့် တိုးတက်ကြီးပွားလာမှုများကို အားကျနေကြကြောင်း၊
တောင်ကိုရီးယားနိုင်ငံသည် မြန်မာပြည်သူများအပေါ် ထိရောက်သော ထောက်ခံမှုနှင့် ပူးပေါင်းမှုများဖြင့်ဏာသိမ်းမှုကို ရုတ်သိမ်းစေပြီး မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားပေးဖို့ တောင်းဆိုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *