မေ ၂၅
တရုတ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၅ ခုကို မြန်မာ့အရေးမှာကြားဝင်ပေးရန် အဆိုပြုမှုကို စစ်တပ်ခေါင်းဆောင်က လက်မခံဘဲ ငြင်းပယ်ထားသည်ဟု သတင်းအရင်းအမြစ်တစ်ချို့က ဘီအေပီကို ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေးစာချုပ်၏ အသိသက်သေများဖြစ်သည့် တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ဂျပန်နိုင်ငံ၊ဥရောပ သမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့အနေဖြင့် ဒီကနေ့ မြန်မာ့အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးအကျပ်အတည်းကို ကြားဝင်စေ့စပ်ရန် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က တောင်းဆိုသည်။ ယင်းတောင်းဆိုချက်ဖြစ်ပေါ်ပြီး သံတမန်များက မြန်မာစစ်တပ်၏ သဘောထားကိုမေးမြန်းရာ ငြင်းဆန်ခံလိုက်ရခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။
“ စစ်တပ်က သူတို့လုံးဝလက်မခံဘူးလို့ ပြောတယ်။။ ဒါက စိတ်ပျက်စရာပါပဲ။ဒီတိုင်းပြည်က အခြေအနေ ဆိုးဖို့ပဲရှိတယ်” ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။ သတင်းအရင်းအမြစ်သည် ကြားဝင်စေ့စပ်ဆွေးနွေးမှုဖြစ်ပေါ်ရန် တောင်းဆိုခဲ့သည့် အဖွဲ့အစည်းများတွင်ပါဝင်သည်။
တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ကိုလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိသည့်အနက် နိုင်ငံတကာကြားဝင်စေ့ စပ်မှုကိုလက်မှတ်ထိုးတောင်ဆိုရာတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့မပါဝင်ပေ။
စစ်တပ်အနေဖြင့် အာဆီယံ၏ကြားဝင်စေ့စပ်မှုကိုပင် ယခုအချိန်အထိလက်မခံသေးဘဲ ပြည်တွင်းရေးအခြေအနေများတည်ငြိမ်သွားမှ လက်ခံမည်ဟု ပြောင်ပြောင်တင်းတင်းပြောဆိုထားသည်။
အရင်းမြစ်-BAP